The network connection is lost.

Banner Image

ဆဲလ်တာဗီဂိုနဲ့ ပွဲတွင် ဒဏ်ရာရခဲ့တဲ့ ဒီဂျောင်ကြောင့် ကွင်းလယ်ပိုင်းအတွက် ထိုးနှက်ချက်တစ်ရပ်ဖြစ်လာဖွယ်ရှိနေတဲ့ ဘာစီလိုနာ

စပိန်လာလီဂါ ပွဲစဉ် (၆) အဖြစ် ဘာစီလိုနာအသင်းနဲ့ ဆဲလ်တာဗီဂိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် နည်းပြ ဇာဗီရဲ့ ဘာစီလိုနာအသင်းက ဆဲလ်တာဗီကို အသင်းကို ၃ဂိုး - ၂ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့ပေမဲ့ ကွင်းလယ်ပိုင်းအတွက် အားထားရတဲ့ ဖရန်ကီဒီဂျောင်အနေဖြင့် ခြေကျင်းဝတ် ဒဏ်ရာ ရသွားခဲ့တာကြောင့် နိုဝင်ဘာလလောက်အထိ အနားယူရဖွယ်ရှိနေတာပဲ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက ကစားသမားရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး ခြေကျင်းဝတ် ဒဏ်ရာရခဲ့တာ ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ဒဏ်ရာမှ ပြန်လည်သက်သာနိုင်မယ့် အချိန်ကို သေချာပြောဆိုနိုင်သေးခြင်းမရှိသေးဘဲ နိုဝင်ဘာလလောက်မှသာ မြက်ခင်းပြင်အထက် အခြေချခွင့်ရလာနိုင်တာလည်း ဖြစ်ပါတယ်။ စပိန်ခြေစိုက်သတင်းဌာနာ တစ်ခုဖြစ်တဲ့ ဒီရာရီယိုအေအက်စ် သတင်းဌာနရဲ့ ဖော်ပြချက်အရ နယ်သာလန် ကွင်းလယ်စတားရဲ့ ဒဏ်ရာအခြေအနေက လာမယ့် ၅ ပတ်ကနေ ၇ ပတ် ခန့် အထိ အနားယူသွားရနိုင်တာလည်း ဖြစ်ပါတယ်။

ဒီဂျောင်အနေဖြင့် ယခုနှစ်လာလီဂါပြိုင်ပွဲအတွင်း ပထမအကြိမ် ယှဉ်ပြိုင်ကစားရမယ့် အယ်ကလပ်စီကိုပွဲစဉ်အပါအဝင် မာယော့ကာ၊ ဆီဗီလာအသင်းတို့နဲ့ပွဲစဉ်တွေကို သေချာပေါက် လွဲချော်သွားရဖွယ်ရှိနေပြီး ပေါ်တိုအသင်းနဲ့ကစားရမယ့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွင်မှ လူစာရင်းမှာ ပါဝင်လာနိုင်တာ ဖြစ်ပါတယ်။

ဒီဂျောင်ရဲ့ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး ဘာစီလိုနာအသင်းရဲ့ တရားဝင်လူမှုကွန်ယက်စာမျက်နှာ အထက်ကနေ“စစ်ဆေးတွေ့ရှိချက်တွေအရ စီနီယာအသင်းရဲ့ ကွင်းလယ်ကစားသမား ဒီဂျောင်အနေနဲ့ ညာဘက်ခြေကျင်းဝတ်ဒဏ်ရာ ရခဲ့ပါတယ်။ ဒဏ်ရာကနေ သက်သာလာတဲ့အချိန်အထိ ဘာစီလိုနာအသင်းရဲ့ လူစာရင်းမှာ ပါဝင်လာမှာ မဟုတ်ပါဘူး”လို့ အတည်ပြု ထုတ်ပြန်ထားခဲ့တာပဲ ဖြစ်ပါတယ်။