
ဒိုင်လူကြီးတွေနဲ့ အငြင်းမပွားဖို့ သူ့ရဲ့ကစားသမားတွေဆီ တိုက်တွန်းလိုက်တဲ့ ဟန်စီဖလစ်ခ်
အိုဆာဆူနာနဲ့ တစ်ဖက်တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှာ ကွင်းလယ်ဒိုင်နဲ့အတူ အငြင်းအခုန်ဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ် အနီကတ်ပြစ်ဒဏ်ထိခဲ့ပြီးနောက် ဘာစီလိုနာနည်းပြ ဟန်စီဖလစ်ခ်က သူ့ရဲ့ကစားသမားတွေကို ပွဲစဉ်တာဝန်ရှိသူအပေါ် မလေးမစားပြုလုပ်ခြင်းမှ ရှောင်ကြဉ်ကြဖို့ တောင်းဆိုခဲ့ပါတယ်။
စနေနေ့ပွဲစဉ်အပြီး ဘယ်လင်ဟမ်က ဒိုင်လူကြီးကိုစော်ကားလိုခြင်းမရှိဘဲ အခြေအနေအရပ်ရပ်အပေါ် နားလည်မှုလွဲမှားခဲ့ခြင်းသာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။တနင်္ဂနွေနေ့မှာတော့ အင်္ဂလန်ကြယ်ပွင့်က အခုလိုခက်ခဲတဲ့အခြေအနေတစ်ခုမှာ အသင်းဖော်တွေကို ချန်ထားခဲ့ရလို့ တောင်းပန်ပါတယ်လို့ လူမှုကွန်ရက်မှတဆင့် တောင်းပန်ခဲ့ပါတယ်။
အခုညပိုင်း၊ ဗယ်လီကာနိုနဲ့ရင်ဆိုင်ရမယ့် လိဂ်အိမ်ကွင်းပွဲစဉ်မတိုင်ခင် ဟန်စီဖလစ်ခ်က သူ့ရဲ့ကစားသမားတွေဆီ ပွဲစဉ်တာဝန်ရှိသူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခြင်းမှ ရှောင်ကြဉ်ကြဖို့ အရေးကြီးတယ်ဆိုတဲ့အကြောင်း သတိပေးပြောဆိုသွားခဲ့ပါတယ်။ တနင်္ဂနွေနေ့သတင်းစာရှင်းလင်းပွဲအတွင်း သူက “ ဒါက မလေးမစားလုပ်ခြင်းပါပဲ။ ကျွန်တော့်အတွက်တော့ ဒီအတိုင်းပဲ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် ကျွန်တော်က ပြစ်ဒဏ်တွေချမှတ်ပေးလို့တော့ မရပါဘူး။
ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုအမူအကျင့်မျိုးကို သဘောမတွေ့လှပါဘူး။ ဒီအချက်က အလွန်အရေးကြီးတာကြောင့် ဒီနေ့မှာပဲ ကျွန်တော့်ရဲ့ကစားသမားတွေဆီ သတိပေးပြောကြားခဲ့ပါတယ်။အခုလို ကတောက်ကဆဖြစ်ပြီး အနီကတ်သာရရှိသွားမယ်ဆိုရင် အသင်းအတွက်လည်း မကောင်းလှပါဘူး။ ဒါက အားနည်းချက်တစ်ခုဖြစ်စေပြီး ကျွန်တော်တို့ မကြိုက်ပါဘူး။
ကျွန်တော်တို့အတွက် ကွင်းတွင်းမှာ ကွင်းလယ်ဒိုင်နဲ့ဆွေးနွေးနိုင်မယ့် ကစားသမားတစ်ဦး ရှိနေပြီးသားပါ။ အသင်းခေါင်းဆောင်ကိုယ်တိုင်ပါပဲ။ ကျွန်တော်တို့ ဒါကို လက်ခံသွားရပါမယ်”လို့ ပြောပါတယ်။ အမှတ်ပေးဇယားတတိယနေရာမှာ ရပ်တည်နေတဲ့ ဘာစီလိုနာက အခုညပိုင်း၊ ဗယ်လီကာနိုနဲ့ပွဲစဉ်မှာ အနိုင်ရရှိမယ်ဆိုရင် အမှတ်ပေးဇယားဦးဆောင်သူနေရာဆီ ပြန်လည်တက်လှမ်းလာနိုင်ပါလိမ့်မယ်။