
ဗယ်လီကာနိုကို အငြင်းပွားဖွယ်အနိုင်ယူပြီးနောက် VAR အသုံးပြုမှုအပေါ် ထောက်ခံလိုက်တဲ့ ဟန်စီဖလစ်ခ်
ဒီနေ့မနက်ပိုင်း၊ လာလီဂါပွဲစဉ်အတွင်း အငြင်းပွားဖွယ်ဆုံးဖြတ်ချက်များနဲ့အတူ ပြိုင်ဘက်ဗယ်လီကာနိုတို့ စိတ်ပျက်ဒေါသထွက်ခဲ့ရပေမယ့် VAR စနစ်အသုံးပြုမှုအပေါ် ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ်က ကာကွယ်ပြောဆိုခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်မှာ ကွင်းလယ်ဒိုင်ကိုယ်တိုင်မမြင်တွေ့လိုက်ရတဲ့ ဂိုးဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်မှုတစ်ခုကို VAR က အချိန်အကြာကြီးစစ်ဆေးပြီးနောက် ပယ်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ဒီအခွင့်အရေးကို ဘာစီလိုနာတိုက်စစ်မှူးလီဝန်ဒေါစကီးက အခုပွဲစဉ်အတွက် အဆုံးအဖြတ်အနိုင်ဂိုးအဖြစ် ပြောင်းလဲခဲ့ပါတယ်။
တဖက်မှာလည်း ဗယ်လက်ကာနိုက သူတို့အသင်းရရှိသင့်တယ်လို့ယူဆတဲ့ ပယ်နယ်တီအခွင့်အရေးအတွက် စောဒကတက်ခဲ့ကြသလို ပထမပိုင်းပွဲချိန်မပြီးဆုံးခင် ဖရူတို့စ်ရဲ့ချေပဂိုးကို ပြန်လည်ပယ်ဖျက်သွားချိန်မှာလည်း ဒေါသူပုန်ထခဲ့ကြပါတယ်။ Movistar Plus သတင်းဌာနနဲ့တွေ့ဆုံချိန် ဟန်စီဖလစ်ခ်က “ ဒီဖြစ်ရပ်တွေကို ကျွန်တော် ပြန်မကြည့်ရသေးပေမယ့် ကျွန်တော်ကတော့ VAR ရဲ့ဆုံးဖြတ်ချက်တွေဘက်မှာပဲ ရပ်တည်ပေးရပါလိမ့်မယ်။ ကျွန်တော်တို့အားလုံးအတွက် VAR ရှိနေပြီး VAR အပေါ်မှာလည်း ကျွန်တော် ယုံကြည်မှုအပြည့်ရှိပါတယ်။ ကျွန်တော်ပြောနိုင်တဲ့အရာက ဒီလောက်ပါပဲ။
ပြိုင်ဘက်ကောင်းနဲ့ရင်ဆိုင်ရတဲ့ အလွန်ခက်ခဲတဲ့ပွဲစဉ်တစ်ခုဖြစ်လို့ ဒီအနိုင်သုံးမှတ်အတွက် ကျွန်တော်တို့ အရမ်းပျော်ရွှင်ကျေနပ်မိပါတယ်။ ဗယ်လီကာနိုက ပုံစံကောင်းရနေပြီး ကစားပုံလည်း အရမ်းကောင်းပါတယ်။ ကစားသမားတွေအတွက် အလွန်ခက်ခဲကြမ်းတမ်းတဲ့ပွဲစဉ်တစ်ခုဖြစ်ခဲ့သလို သူတို့အတွက် ကျွန်တော် ဂုဏ်ယူမိပါတယ်”လို့ ပြောပါတယ်။
အခုပွဲစဉ်ဖြစ်ရပ်တွေက ဘာစီလိုနာရဲ့မဟာပြိုင်ဘက်ကြီး ရီးရဲလ်မက်ဒရစ်နဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်၊ လာလီဂါအဖွဲ့ချုပ်တို့အကြား တိုက်ပွဲတွေနဲ့အတူ စပိန်ဘောလုံးလောကအတွင်း ကွင်းလယ်ဒိုင်တွေနဲ့ပတ်သက်တဲ့ အငြင်းအခုန်တွေကို ပိုမိုတိုးပွားလာစေနိုင်ပါတယ်။ အခုသီတင်းပတ်ကုန်ပွဲစဉ်တွေမှာ ရီးရဲလ်မက်ဒရစ်၊ အက်သလက်တီကိုမက်ဒရစ်တို့ နိုင်ပွဲပျောက်ဆုံးမှုနဲ့အတူ ဒီနေ့မနက်ပိုင်းပွဲစဉ်ရလဒ်ပိုင်းကြောင့် ဘာစီလိုနာတို့ အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ တက်လှမ်းလာနိုင်ခဲ့ပါတယ်။ သူတို့တွေက ရီးရဲလ်မက်ဒရစ်နဲ့ ရမှတ်တူ(၅၁ မှတ်)၊ ဂိုးကွာခြားချက်အပိုင်းမှာ အသာစီးရရှိထားပါတယ်။
အက်သလက်တီကိုမက်ဒရစ်ကတော့ ဒီနှစ်သင်းနောက် တစ်မှတ်အကွာမှာ ရှိနေပြီး ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်ရှုံးပွဲကြုံခဲ့တဲ့ ဗယ်လီကာနိုက ရမှတ် ၃၅ မှတ်နဲ့ အမှတ်ပေးဇယားဆဋ္ဌမနေရာမှာ ရှိနေပါတယ်။ ဟန်စီဖလစ်ခ်က “ လူတိုင်း ပျော်ရွှင်နေကြပြီး ကျွန်တော်တို့လည်း အကောင်းဆုံးကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ဒီထက်ပိုကောင်းလာအောင်လည်း လုပ်နိုင်ရပါမယ်။ ဒါက ကျွန်တော်တို့အတွက် ခမ်းနားတဲ့အောင်မြင်မှုတစ်ခုလို့ ထင်ပါတယ်။ ဒီနေ့မှာ အနိုင်ရရှိပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါက အလွန်အပေါင်းလက္ခဏာဆောင်ပါတယ်။
ဒါပေမယ့် ကျွန်တော်က အမှတ်ပေးဇယားကိုကြည့်ပြီး ခံစားနေမယ့်လူမျိုး မဟုတ်ပါဘူး။အခုမှ ဖေဖော်ဝါရီလပဲ ရှိပါသေးတယ်။ ခရီးရှည်ကြီးတစ်ခု ဆက်သွားရဦးမှာပါ။ ဒါပေမယ် ကစားသမားတွေအတွက် ကျွန်တော်ပျော်ရွှင်မိပါတယ်။ သူတို့ရဲ့စိတ်ဓါတ်ပိုင်းက အဆုံးအထိတိုက်ပွဲဝင်သွားဖို့ ဖြစ်ပြီး ဒီစိတ်ဓါတ်ပိုင်းကို ကျွန်တော်တို့တွေ တစ်ပွဲချင်းစီ သယ်ဆောင်သွားရပါလိမ့်မယ်”လို့ ပြောပါတယ်။