The network connection is lost.

Banner Image

ရက်ရှ်ဖို့ဒ်ကိုခေါ်ယူမယ့်အစီအစဉ်အား ဖျက်သိမ်းလိုက်တဲ့ အေစီမီလန်

အေစီမီလန်ဟာ မန်ချက်စတာစီးတီးနောက်ခံလူ ကိုင်လ်ဝေါ်လ်ကာကို ခေါ်ယူဖို့သာ ပိုမိုအလေးထားလုပ်ဆောင်နေတာကြောင့် မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့အား ခေါ်ယူမယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

စီးရီးအေရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ အီတလီကလပ်တွေဟာ တစ်ရာသီကို အင်္ဂလိပ်လူမျိုး ၁ ဦးသာ ခေါ်ယူခွင့်ရှိတာကြောင့် အေစီမီလန်အနေနဲ့ ရက်ရှ်ဖို့ဒ်နဲ့ ဝေါ်လ်ကာတို့အကြား ခက်ခဲတဲ့ရွေးချယ်မှုပြုလုပ်ခဲ့ရတာဖြစ်လို့သိရပါတယ်။ အပြောင်းအရွှေ့ကာလအစောပိုင်း သတင်းတွေအရ အေစီမီလန်ဟာ ရက်ရှ်ဖို့ဒ်ကိုခေါ်ယူဖို့ ချိတ်ဆက်နေခဲ့ပေမယ့် ယခုအခါမှာတော့ ဝေါ်လ်ကာကိုသာ ဦးစားပေးခေါ်ယူနိုင်ဖို့ ကြိုးစားလာတာဖြစ်ပါတယ်။ 

မကြာသေးမီကာလတွေမှာလည်း မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက နောက်ခံလူဝေါ်လ်ကာဟာ အီတီဟတ်ကနေ ထွက်ခွာလိုနေကြောင်း တရားဝင်‌ထုတ်ဖော်ပြောကြားထားခဲ့ပါတယ်။ မန်စီးတီးနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေတဲ့ ဝေါ်လ်ကာကို အေစီမီလန်အနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့မဟုတ်ဘဲ အငှားစာချုပ်နဲ့ခေါ်ယူဖို့ သို့မဟုတ် အပြီးသတ်ဝယ်ယူနိုင်ဖို့ လိုအပ်နေပါတယ်။ 

အခုလို ဝေါ်လ်ကာကိုခေါ်ယူဖို့ ရွေးချယ်ခဲ့တဲ့ အေစီမီလန်ရဲ့ဆုံးဖြတ်ချက်ကြောင့် ရက်ရှ်ဖို့ဒ်ရဲ့အနာဂတ်ဟာ မတည်ငြိမ်တဲ့အခြေအနေမှာရှိနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတုန်းက အင်္ဂလန်သားဟာ အိုးလ်ထရက်ဖို့ဒ်ကနေထွက်ခွာပြီး စိန်ခေါ်မှုအသစ်တွေနဲ့ရင်ဆိုင်လိုကြောင်း တရားဝင်ထုတ်ဖော်ပြောကြားထားပေမယ့် အခုချိန်အထိတော့ ပြောင်းရွှေ့ဖို့ ရေရာတဲ့အသင်းသစ်ကို မရှာဖွေနိုင်သေးပါဘူး။ ရက်ရှ်ဖို့ဒ်ကိုစိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ အေစီမီလန်သာမက နောက်ထပ်စီးရီးအေကလပ်တစ်ခုဖြစ်တဲ့ နာပိုလီလည်းပါဝင်နေတယ်လို့သိရပါတယ်။ မကြာသေးမီက အသင်းရဲ့ စူပါစတား ခဗာရက်စ်ခီလီယာကို ပီအက်စ်ဂျီထံ ဆုံးရှုံးထားရတဲ့ နာပိုလီအနေနဲ့ အသက်-၂၇ နှစ်အရွယ်ကစားသမားကို ဖြစ်နိုင်ချေရှိတဲ့ အစားထိုးမှုအဖြစ် ရှုမြင်နေတာဖြစ်ပါတယ်။ 

အပြောင်းအရွှေ့ကောလာဟလတွေရဲ့ တစ်ဖက်မှာတော့ ယူနိုက်တက်ဟာ လာမယ့်တနင်္ဂနွေနေ့မှာခက်ခဲတဲ့ပွဲစဉ်အဖြစ် ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး မန်စီးတီးကတော့ အစ်ဆွစ်ခ်ျကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရပါမယ်။ သို့သော်လည်း ရက်ရှ်ဖို့ဒ်နဲ့ ဝေါ်လ်ကာတို့ကတော့ အဆိုပါပွဲစဉ်တွေမှာ ပါဝင်ဖို့မသေချာတဲ့အခြေအနေမှာရှိနေပါတယ်။