The network connection is lost.

Banner Image

ဗလန်စီယာကို ၇ ဂိုးအထိသွင်းယူနိုင်ပြီးနောက် ဘာစီလိုနာရဲ့ သွင်းဂိုးဆာလောင်စိတ်ကို ဟန်ဆီဖလစ်ချီးကျူး

ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဗလန်စီယာကို ၇-၁ နဲ့အပြတ်အသတ်အနိုင်ရပြီးနောက် ပွဲအပြီးမှာ ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်က အသင်းရဲ့သွင်းဂိုးဆာလောင်စိတ်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ဘာစီလိုနာအတွက်ဂိုးတွေကို ဖရန်ကီဒီဂျောင်၊ ရာဖင်ဟာ၊ ဖာရန်းတောရက်စ်၊ ရော်ဘတ်လီဝန်ဒေါစကီးနဲ့ ဖာမင်လိုပက်ဇ်တို့က အသီးသီးသွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ ဒီရာသီ ဟန်ဆီဖလစ်လက်အောက်မှာ တိုက်စစ်ပိုင်း သိသိသာသာတိုးတက်လာတဲ့ဘာစီလိုနာဟာ ပြိုင်ပွဲ ၃၂ ပွဲကစားပြီးချိန်မှာ ၄ ဂိုးနဲ့အထက် ၁၄ ပွဲအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ယခုပွဲစဉ်ဟာ ဒီရာသီ ဘာစီလိုနာရဲ့ ဒုတိယမြောက် ၇ ဂိုးသွင်းနိုင်တဲ့ပွဲစဉ်လည်းဖြစ်လာခဲ့ပါတယ်။ 

ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ဖလစ်က “အသင်းမှာရှိနေတဲ့ သွင်းဂိုးဆာလောင်မှုကို ကျွန်တော်အရမ်းကြိုက်ပါတယ်။ အထူးသဖြင့် ဒီနေ့မှာရှိနေတဲ့ ဆာလောင်မှုမျိုးပေါ့။ ၂-၀၊ ၃-၀ လောက်နဲ့ အသင်းက မကျေနပ်သေးဘဲ ပွဲပြီးဆုံးတဲ့အထိ ဂိုးတွေထပ်သွင်းဖို့ ဆာလောင်နေခဲ့ကြပါတယ်။ ဒါကိုမြင်တွေ့ရတာ စိတ်ကျေနပ်စရာပါပဲ” လို့ပြောကြားခဲ့ပါတယ်။ 

ဘာစီလိုနာဟာ ပထမပိုင်းအတွင်းမှာပဲ ဖာမင်လိုပက်ဇ်ရဲ့သွင်းဂိုး ၂ ဂိုး၊ ဒီဂျောင်၊ ဖာရန်းတောရက်စ်နဲ့ ရာဖင်ဟာတို့ရဲ့ သွင်းဂိုး ၁ ဂိုးစီကြောင့် ဗလန်စီယာကို ၅-၀ နဲ့ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုနိုင်ပွဲကြောင့် ဘာစီလိုနာဟာ လာလီဂါအမှတ်ပေးဇယားဒုတိယနေရာ အက်သလက်တီကိုနဲ့ ရမှတ် ၃ မှတ်သာကွာဟတော့ပေမယ့် ထိပ်ဆုံးက ရီးရဲလ်မက်ဒရစ်နဲ့တော့ ၉ မှတ်အထိကွာဟနေဆဲဖြစ်ပါတယ်။ 

ဆက်လက်ပြီး ဖလစ်က “အခုချိန် လာလီဂါအမှတ်ပေးဇယားမှာတော့ ကျွန်တော်တို့ရဲ့ရပ်တည်မှုက မြင်လို့မကောင်းပါဘူး။ ဒါပေမယ့် အခုချိန်ကစတင်ပြီး လာမယ့်ပွဲစဉ်တိုင်းမှာ အနိုင်ရဖို့ကြိုးစားသွားရပါမယ်။ ဒီလိုကစားပုံမျိုးပွဲစဉ်တိုင်းမှာ ကစားနိုင်ဖို့လိုပါတယ်။ ဒီပွဲကြောင့် ပရိသတ်တွေ၊ ကစားသမားတွေနဲ့ နည်းပြတွေအားလုံးပျော်ရွှင်ရပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်ကြာသပတေးနေ့မှာတော့ ဘာစီလိုနာဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အတ္တလန္တာကို အိမ်ကွင်းမှာဧည့်ခံကစားသွားရမှာဖြစ်ပြီး ရှုံးထွက် ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်လှမ်းထားနိုင်ပြီဖြစ်ပေမယ့် နိုင်ပွဲဆက်အောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။