The network connection is lost.

Banner Image

ကိုင်ဟားဗက်ဇ်ရုန်းကန်နေရတဲ့အပေါ် ပြန်လည်တုံ့ပြန်လိုက်တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက ကိုင်ဟားဗက်ဇ်တစ်ယောက် ရုန်းကန်နေရတဲ့အပေါ်ပြန်လည်တုံ့ပြန်ခဲ့ပြီး အကောင်းဆုံးပုံစံရအောင် ကူညီပေးသွားမယ်လို့  ပြောကြားလိုက်ပါတယ်။

ဟားဗက်ဇ်ဟာ နွေရာသီ အပြောင်းအရွှေ့တုန်းက ချဲလ်ဆီးထံကနေ ပြောင်းလာခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ ၉ ပွဲဆက် သွင်းဂိုးကော ဂိုးဖန်တီးမှုပါ မရသေးတာဖြစ်ပါတယ်။ ဂျာမန်သားဟာ  ပထမဆုံးပရီးမီးယားလိဂ် ၄ ပွဲကို ပွဲဦးထွက်ပါဝင်ခွင့်ရှိခဲ့သလို အဲဗာတန် ၊ တော့တင်ဟမ်တို့နဲ့ပွဲတွေမှာတော့ အရန်ခုံကနေ လူစားဝင်ခွင့်ရရှိခဲ့ပါတယ်။

ဘရန့်ဖို့ဒ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း ရက်ပေါင်း ၄၉၉ ရက်အကြာမှာ ပထမဆုံးပြန်လည်ပါဝင်ခွင့်ရရှိခဲ့တဲ့ စမစ်ရိုကတောင် အဆိုပါပွဲမှာ တောက်ပနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အသင်းဘက်က ပေါင် ၆၅ သန်းလောက်အထိ အသုံးပြုခဲ့တာကြောင့် အာတီတာက လာမယ့်ရက်သတ္တပတ်တွေမှာ ဟားဗက်ဇ်ရဲ့အကောင်းဆုံးပုံစံကို ရှာဖွေနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

“သူ့ကို ဖြစ်နိုင်သမျှကူညီပေးနိုင်ဖို့ လိုအပ်ပါတယ်။ သူ့ရဲ့အရည်အချင်းကို ထုတ်ယူနိုင်ဖို့ စွမ်းဆောင်ရည်ကော ၊ ယုံကြည်မှုကော ၊ ပွဲထွက်ခွင့်တွေကော ပေးဖို့ လိုအပ်ပါတယ်။ သူ့ပွဲတွေမှာ အစိတ်အပိုင်းတွေအများကြီးပါ။ မျှော်လင့်ထားသလိုလည်း သူလုပ်နိုင်ပါတယ်။ သူဆက်လက်တိုးတက်နေဖို့လိုအပ်တယ်ဆိုတာ သူသိပါတယ်။ ဘယ်ကစားသမားမဆို သူ့ကိုထောက်ခံပေးဖို့ လိုအပ်ပါတယ်။ ပြီးတော့ ကစားသမားတစ်ဦးကနေ့တိုင်း လုပ်ဆောင်နေရတာတွေရှိပါတယ်။ တကယ်လို့ သူတို့မစွမ်းဆောင်နိုင်ရင် အဲ့တာက သူ့အပေါ်မှာပဲ မူတည်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

အာတီတာက ဟာဗက်ဇ်ကို ထောက်ခံနေပေမယ့် တော့တင်ဟမ်တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်တ်ကတော့ အသင်းမှာ စမစ်ရိုကတောင် ပွဲထွက်ခွင့်နေရာနဲ့ ပိုထိုက်တန်တယ်လို့ ယုံကြည်နေပါတယ်။

“သူက အခုလိုမျိုးလုပ်ရတာကို အထုံဝါသနာပါတယ်လို့ ထင်ပါတယ်။ အာတီတာကို နည်းပြတစ်ဦး အနေနဲ့ ကျွန်တော်ချစ်ပါတယ်။ ဒါပေမယ့် အခုလိုလုပ်တာက ၂၀၂၁ - ၂၂ တုန်းက အခြေအနေကို ပြန်သွားနေသလိုပါပဲ။ ဘယ်သူက ပွဲထွက်ခွင့်နဲ့ပိုထိုက်တန်လဲလို့ ကျွန်တော့်ကိုမေးလာခဲ့ရင် ကျွန်တော်ကတော့ စမစ်ရိုကိုပဲ အပတ်တိုင်းရွေးချယ်ဖို့ ပြောမှာပါ”လို့ ဘန့်တ်က ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ စနေနေ့မှာ ဘုန်းမောက်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အာတီတာအတွက် ခေါင်းခဲစရာက ဆာကာ၊ ဒီကလန်ရိုက်စ် ၊ ထရိုဆက် ၊ မာတီနယ်လီ ၊ ပါတေး ၊ တင်းဘားတို့ ဒဏ်ရာရရှိနေတာဖြစ်ပါတယ်။