
The network connection is lost.

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်ရေး အားစိုက်ပြင်ဆင်ထားခဲ့တဲ့ အာဆင်နယ်အသင်းက တော့တင်ဟမ်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရတဲ့ လန်ဒန်ဒါဘီပွဲစဉ်အတွင်း ဦးဆောင်ခွင့်တွေရခဲ့ပေမဲ့ ချေပဂိုးတွေခွင့်ပြုခဲ့ရကာ ရမှတ် ၁ မှတ်သာ စုဆောင်းနိုင်ခဲ့ပြီး အရေးပါတဲ့ အမှားပြုလုပ်ခဲ့တဲ့ ဂျော်ဂျင်ဟိုအပေါ် အချစ်မပြယ်ကြောင်း နည်းပြ အာတီတာက ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။
အီတလီလက်ရွေးစင်ကွင်းလယ်လူအနေဖြင့် မြောက်လန်ဒန်ဒါဘီပွဲစဉ်တွင် ဒဏ်ရာရသွားခဲ့တဲ့ အာဆင်နယ် ကွင်းလယ်ကစားသမား ဒီကလန်ရိုက်စ်ရဲ့ နေရာတွင် ဒုတိယပိုင်းပွဲကစားချိန်အတွင်းမှာ လူစားဝင်ရောက်ကစားခဲ့တာ ဖြစ်ပါတယ်။ ပွဲစဉ်အတွင်းမှာ အာဆင်နယ် အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို တောင်ပံကစားသမား ဆာကာက ပင်နယ်တီမှတစ်ဆင့် သွင်းယူနိုင်ခဲ့ပြီး များမကြာမီမှာ ကွင်းလယ်တွင် ဘောလုံးကိုင်ထားတဲ့ ဂျော်ဂျင်ဟိုထံမှ မက်ဒီဆင်က လုယူကာ ဆွန်ဟောင်မင်ရဲ့ ဒုတိယမြောက် ချေပဂိုးကို ဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်နေရာအတွက် ပြိုင်ဘက်ကလပ်တွေကို ဖိအားပေးနိုင်ရေး ရမှတ် ပြည့်ရှာဖွေနိုင်ရန် ကလပ်နှစ်သင်းလုံးက အားစိုက်ကစားနေချိန် နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းက ၂ ကြိမ်တိုင် ဦးဆောင်ခွင့်ရခဲ့ပေမဲ့ တော့တင်ဟမ်ကြယ်ပွင့် ဆွန်ဟောင်မင်ရဲ့ ချေပဂိုးတွေနဲ့အတူ အဖိုးတန် ရမှတ် ၂ မှတ် လေလွင့်ခဲ့ရတာ ဖြစ်ပါတယ်။
အရေးပါတဲ့ အမှားအယွင်းကို ပြုလုပ်ခဲ့တဲ့ အီတလီစတား ဂျော်ဂျင်ဟိုရဲ့ ဖြစ်စဉ်နဲ့ ပက်သက်လို့ နည်းပြ အာတီတာက “ဘာတွေဖြစ်ဖြစ် ကျွန်တော် သူ့ကို ချစ်ပါတယ်။ တစ်သင်းလုံးကလည်း ချစ်ခင်ကြမှာပါ။ ဘောလုံးလောကမှာ အမှားဆိုတာက ကင်းနိုင်တဲ့ အရာမဟုတ်ဘူးလေ” “ကွင်းထဲမှာ ကိုယ်တိုင်ဝင်ကစားရတဲ့ ကစားသမားတွေ အနေနဲ့ အမှားပြုလုပ်မိတာမျိုးဖြစ်တတ်ပါတယ်။ ကလပ်အသင်းကို ကူညီပေးနိုင်ရန် ကြိုးစားခဲ့တာဖြစ်လို့ ကျွန်တော်တို့က ဂျော်ဂျင်ဟိုနဲ့အတူ ရပ်တည်သွားမှာပါ” လို့ မှတ်ချက်စကားဆိုလိုက်တာပဲ ဖြစ်ပါတယ်။