အာဆင်နယ်အသင်းက နေရာပေါင်းစုံမှာ ဘုရင်ဖြစ်ချင်တာပါလို့ ပြောလာတဲ့ အာတီတာ
အာဆင်နယ်နည်းပြ မီကယ်အာတီတာက ဂန်းနားတွေဟာ တည်ကန်ဘောဘုရင်တွေအဖြစ် ချီးကျူးခံရရုံတင်မကဘဲ အရာအားလုံးမှာ ဘုရင်ဖြစ်ချင်ကြောင်း ပြောလာခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ယူနိုက်တက်နဲ့ပွဲစဉ်မှာ ထောင့်ကန်ဘောကနေ ရရှိခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကိုယ်တိုင်က တည်ကန်ဘောဘုရင်အဖြစ် ချီးကျူးခဲ့ပါတယ်။
အာဆင်နယ်အသင်ဟာ ဒီနှစ်ရာသီ တည်ကန်ဘောကနေ ၂၂ဂိုးအထိ သွင်းယူထားပြီး အဆိုပါမှတ်တမ်းက ဥရောပထိပ်တန်းလိဂ် ၅လိဂ်က အသင်းတွေထက် ၅ဂိုးအထိ ပိုများနေပါတယ်။ ပွဲအပြီးမှာ ယူနိုက်တက်နဲ့ တော့တင်ဟမ်တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က အာဆင်နယ်ကို စတုတ်စီးတီးလက်သစ်အသင်းအဖြစ် ဝေဖန်သွားခဲ့ပါတယ်။
မနေ့က သတင်းစာရှင်းလင်းပွဲမှာတော့ အာတီတာက ဘာဘာတော့ဗ်ရဲ့ပြောကြားချက်ကို ချီးကျူးမှုအဖြစ်သာ ခံယူထားကြောင်း ပြောလာခဲ့ပါတယ်။ အာတီတာက "ကျွန်တော်တို့က အရာရာတိုင်းမှာ ဘုရင်ဖြစ်ချင်တာပါ။ တည်ကန်ဘောမှာ ကမ္ဘာ့အကောင်းဆုံး၊ High pressမှာ ကမ္ဘာ့အကောင်းဆုံး၊ နေရာလွတ်ထဲ တိုက်စစ်ဆင်မှုမှာ ကမ္ဘာ့အကောင်းဆုံး၊ ကွင်းနဲ့ အားပေးမှု အပါအဝင် အရာရာတိုင်းမှာ ဘုရင်ဖြစ်ချင်တာပါ။
အရင်က ကျွန်တော်တို့ သွင်းဂိုးတွေ မလုံလောက်ခဲ့သလို စိန်ခေါ်မှုတွေလည်း မလုပ်နိုင်ဘဲ နှစ်၂၀လောက်အထိ ပွဲကြီးတွေမှာ အနိုင်မရခဲ့ပါဘူး။ ကျွန်တော်တို့ အရာရာတိုင်းမှာ အကောင်းဆုံးဖြစ်ချင်တာပါ။"လို့ ပြောခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ လေးပွဲဆက်နိုင်ပွဲနဲ့အတူ ရှေ့ဆက်နေပြီး ဇယားထိပ်က လီဗာပူးကို ၇မှတ်အကွာကနေ ဖိအားပေးနေပါတယ်။
ဂန်းနားတွေဟာ တနင်္ဂနွေညမှာ ဖူလ်ဟမ်နဲ့ ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပြီး ဒဏ်ရာရနေတဲ့ မာဂယ်ဟေးစ်နဲ့ ကာလာဖီအိုရီတို့ ပြန်လည်ပါဝင်လာနိုင်ပါတယ်။