The network connection is lost.

Banner Image

မန်စီးတီးနဲ့ပွဲမှာ ရာယာပါဝင်နိုင်ဖို့ မသေချာကြောင်း အသိပေးလာတဲ့ အာတီတာ

အာဆင်နယ်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ ခက်ခဲတဲ့ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပေမယ့် အသင်းရဲ့အဓိကဂိုးသမား ဒေးဗစ်ရာယာတစ်ယောက် ကြံ့ခိုင်မှုပြဿနာနဲ့ ကြုံတွေ့နေရတာကြောင့် အဆိုပါပွဲစဉ်ကို လွဲချော်သွားနိုင်ချေရှိကြောင်း နည်းပြမီခေးလ်အာတီတာက အသိပေးပြောကြားလာခဲ့ပါတယ်။ 

ရာယာဟာ ယနေ့နံနက်က ဂျီရိုနာကို ၁-၂ နဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်အတွက်လည်း ကြံ့ခိုင်မှုမပြည့်ဝတာကြောင့် လူစာရင်းကနေ ချန်လှပ်ခံထားခဲ့ရပါတယ်။ အာတီတာဟာ ယခုပွဲစဉ်မှာ ရာယာအစား ပြီးခဲ့တဲ့စက်တင်ဘာလက ဘုန်းမောက်မှတစ်ရာသီအငှားနဲ့ခေါ်ယူထားခဲ့တဲ့ နက်တိုကို ပွဲထုတ်ခဲ့ပေမယ့် နိုင်ပွဲရရှိအောင်စွမ်းဆောင်နိုင်ခဲ့တာကြောင့် ရှုံးထွက် ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ဂျီရိုနာအတွက်ဦးဆောင်ဂိုးကို ပွဲကစားချိန် ၂၈ မိနစ်မှာ တော့တင်ဟမ်နောက်ခံလူဟောင်း အာနော့ဒန်ဂျူမာက စတင်သွင်းယူပေးခဲ့ပေမယ့် အာဆင်နယ်အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ဂျော်ဂျင်ဟိုနဲ့ အီသန်နွာနီရီတို့က ပြန်လည်သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ ပွဲအပြီး ရာယာရဲ့ကြံ့ခိုင်မှုအခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ အာတီတာက “သူလောလောဆယ်မှာတော့ လုံးဝမကစားနိုင်ပါဘူး။ ဒဏ်ရာရထားပါတယ်။ ဒါပါပဲ။ တိုးတက်မှုတွေရှိလာမလားဆိုတာကတော့ ကျွန်တော်တို့ စောင့်ကြည့်ရပါဦးမယ်” လို့ဖြေကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး နက်တိုကိုပွဲထုတ်ခဲ့တဲ့အကြောင်းအရင်းကို အာတီတာက “ရာယာမကစားနိုင်လို့ နက်တိုကိုပွဲထုတ်ခဲ့တာပါပဲ။ နက်တိုက သူ့ဘဝရဲ့ နှစ် ၂၀ လောက်ကို ဂိုးဖမ်းလာခဲ့တာပါ။ ဒီပွဲအတွက် အရမ်းကျေနပ်ပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်ကိုလည်း ကျေနပ်ပါတယ်။ ၈ လလောက်ပွဲထွက်ကစားခွင့်မရခဲ့ဘဲ အခုမှပွဲထွက်ရတာ သူ့အတွက်မလွယ်ပါဘူး။ ဒီပွဲမှာနိုင်ခဲ့လို့ ကျေနပ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

အာဆင်နယ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမကုန်ဆုံးခင်မှာ အက်စတွန်ဗီလာတိုက်စစ်မှူး အိုလီဝက်ကင်းစ်ကိုခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ကမ်းလှမ်းမှုကိုပယ်ချခံထားခဲ့ရပါတယ်။ သို့သော်လည်း အာဆင်နယ်အနေနဲ့ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးကိုခေါ်ယူနိုင်ဖို့ ပိုမိုကောင်းမွန်တဲ့ကမ်းလှမ်းချက်မျိုးပြုလုပ်လာဖွယ်ရှိပါတယ်။

အဆိုပါအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အာတီတာက “ဒီအကြောင်းကို ကျွန်တော်ပြောလို့မရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အသင်းက အရမ်းကောင်းတဲ့အသင်းဖြစ်ပြီး ဒီမှာရှိနေတဲ့လူတိုင်းကလည်း တိုးတက်ဖို့ကြိုးစားနေကြပါတယ်ဆိုတာ ကျွန်တော်ယုံကြည်မှုရှိပါတယ်။ ဒီတော့ ဘာတွေဖြစ်လာဦးမလဲစောင့်ကြည့်ကြတာပေါ့” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။