The network connection is lost.

Banner Image

ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ မက်ဇ်ဒိုမန်ကို အာတီတာချီးကျူး

အာဆင်နယ်နည်းပြမီခေးလ်အာတီတာက ဗုဒ္ဓဟူးနေ့နံနက်က ဆလားဗီးယားပရာဂူးကို ၀-၃ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ လူစားလဲဝင်ရောက်ပြီး ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ကွင်းလယ်ကြယ်ပွင့် မက်ဇ်ဒိုမန်ဟာ အသင်းအတွက် အလွန်အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်တယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။

ဒိုမန်ဟာ အသက် ၁၅ နှစ်၊ ၃၀၈ ရက်နဲ့ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ယခင်ကတင်ရှိထားခဲ့တဲ့ ဒေါ့မွန်ကြယ်ပွင့် မူကိုကိုရဲ့ ၁၆ နှစ်၊ ၁၈ ရက်စံချိန်ကို ၅ နှစ်အကြာမှာရိုက်ချိုးနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ ဒိုမန်ဟာ လူစားဝင်ကစားသမားအဖြစ် ၇၃ မိနစ်မှာ ဝင်ရောက်ကစားခဲ့တာဖြစ်ပြီး အာဆင်နယ်အနေနဲ့လည်း ဆလားဗီးယားကို ဂိုးပြတ်နိုင်ခဲ့လို့ ချန်ပီယံလိဂ်အမှတ်ပေးဇယား ဒုတိယနေရာကိုရောက်ရှီလာခဲ့ပါတယ်။

ပွဲအပြီးမှာ အာတီတာက "သူကစားတဲ့ပုံစံက ပြိုင်ဘက်တွေကို သူ့ဆီအာရုံရောက်စေပါတယ်။ ဘောလုံးကိုင်ပြီး ချိန်သားကိုက်လှုပ်ရှားမှုတွေမှာ အရမ်းတော်ပါတယ်။ သူက အသင်းအတွက်အရေးကြီးတဲ့ကစားသမားတစ်ယောက်ပါ" လို့ပြောကြားခဲ့ပါတယ်။ ဒိုမန်ဟာ ပွဲကစားချိန် ၇၃ မိနစ်မှာ လီအန်ဒရိုထရောဆက်အစား ဝင်ရောက်ကစားခဲ့တာဖြစ်ပြီး ညာတောင်ပံမှာ နေရာယူခဲ့တာကြောင့် အသင်းခေါင်းဆောင် ဘူကာယိုဆာကာက ဘယ်တောင်ပံသို့ ပြောင်းလဲကစားခဲ့ပါတယ်။ တိုက်စစ်မှူး ဗစ်တာယောကရက်စ်က ဘန်လေနဲ့ပွဲမှာရရှိခဲ့တဲ့ဒဏ်ရာနဲ့ ယခုပွဲစဉ်ကို လွဲချော်ခဲ့တာကြောင့် အာတီတာအနေနဲ့ ဒိုမန်ကို တိုက်စစ်သို့ပိုမိုလိုက်ပါကစားစေခဲ့ပုံပေါ်ပါတယ်။

ဒိုမန်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ဘရိုက်တန်ကိုအနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာလည်း အာဆင်နယ်အတွက်ပွဲထွက်ပါဝင်ကစားရင်း အသင်းသမိုင်းတစ်လျှောက် ကာရာဘောင်ဖလားပြိုင်ပွဲမှာ ပွဲထွက်ခွင့်ရတဲ့အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ထားခဲ့ပါတယ်။ ယခုအခါမှာ ဒိုမန်ဟာ ချန်ပီယံလိဂ်မှာ ထပ်မံစံချိန်ချိုးခဲ့ပြီဖြစ်လို့ သွင်းဂိုးတွေရရှိလာချိန်မှာတော့ နောက်ထပ်စံချိန်သစ်တွေ ထပ်မံချိုးဖျက်နိုင်ဦးမလား ဆက်လက်စောင့်ကြည့်ရပါမယ်။