
အပြီးသတ်ဝယ်ယူခွင့်ပါ အငှားစာချုပ်နဲ့ ဟင်ကာပီကိုခေါ်ယူလိုက်နိုင်တဲ့ အာဆင်နယ်
အာဆင်နယ်ဟာ ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်နောက်ခံလူ ပီရိုဟင်ကာပီကို အပြီးသတ်ဝယ်ယူခွင့်ပါ တစ်ရာသီအငှားစာချုပ်နဲ့ အပြောင်းအရွှေ့ကာလ နောက်ဆုံးနေ့ရက်မှာ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ The Athletic သတင်းဌာနရဲ့အဆိုအရ အာဆင်နယ်အနေနဲ့ ရာသီကုန်မှာ ကစားသမားကိုအပြီးသတ်ဝယ်ယူသွားမှာဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းကို လေဗာကူဆင်ထံပေးချေသွားရမယ်လို့သိရပါတယ်။
အာဆင်နယ်ဟာ ယခုနွေရာသီအပြောင်းအရွှေကာလအတွင်း ကစားသမားသစ် ၇ ဦးအထိ ခေါ်ယူထားပြီးဖြစ်တာကြောင့် ဟင်ကာပီဟာ ၈ ယောက်မြောက်ခေါ်ယူမှုဖြစ်လာခဲ့ပြီး အာတီတာရဲ့နောက်တန်းကို အင်အားဖြည့်တင်းပေးသွားမှာဖြစ်ပါတယ်။ ယခုနွေရာသီအတွင်း အာဆင်နယ်ဟာ မာတင်ဇူဘီမန်ဒီ၊ ဗစ်တာယော်ကရက်စ်၊ နိုနီနာဒူကီ၊ အီဘရီချီအီဇီ၊ ခရစ်ရှန်မော်စ်ကွီရာ၊ ခရစ်ရှန်နော်ဂတ်နဲ့ ကီပါတို့ကို ခေါ်ယူပြီး အသင်းကို ဘက်ပေါင်းစုံကနေ အင်အားဖြည့်တင်းထားခဲ့တာဖြစ်ပါတယ်။
ဟင်ကာပီကိုခေါ်ယူပြီးနောက် အာတီတာက "ပီရိုဟင်ကာပီကို အသင်းကနေ ကြိုဆိုခွင့်ရလို့ အရမ်းဝမ်းသာပါတယ်။ ပီရိုက ကြံ့ခိုင်မှုအားကောင်းတဲ့ကစားသမားဖြစ်ပြီး အသင်းရဲ့နောက်တန်းမှာ နေရာစုံပြောင်းရွှေ့ကစားနိုင်တဲ့ စွယ်စုံရနောက်ခံလူလည်းဖြစ်ပါတယ်။ ငယ်ရွယ်မှုနဲ့ ရင့်ကျက်မှုကိုပေါင်းစပ်ထားနိုင်တဲ့ ကစားသမားကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ အသင်းရဲ့လူစာရင်းကို ပိုမိုအင်အားတောင့်တင်းအောင် ပြုလုပ်ပေးနိုင်မယ်လို့ယုံကြည်ပြီး ဒီရာသီမှာ အသင်းက ပိုကောင်းတဲ့အခြေအနေနဲ့ ယှဉ်ပြိုင်သွားနိုင်မှာပါ။ အာဆင်နယ်မိသားစုကနေ ပီရိုကို ကြိုဆိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အီကွေဒေါလက်ရွေးစင်ဟာ ယခုနွေရာသီမှာ လေဗာကူဆင်ကနေ ထွက်ခွာခဲ့တဲ့ နောက်ဆုံးကြယ်ပွင့်ဖြစ်လာဖွယ်ရှိနေပြီး နွေရာသီအတွင်း လေဗာကူဆင်ဟာ ဖလော်ရီယန်ဝစ်ဇ်၊ ဂျရမယ်ဖရင်ပေါင်၊ ဂျိုနသန်တာ၊ ဂရန်နစ်ဇာခါနဲ့ အာမိုင်းအက်ဒ်လီတို့လိုကြယ်ပွင့်ကစားသမားတွေကို ဆုံးရှုံးထားခဲ့ရတာဖြစ်ပါတယ်။ နွေရာသီအတွင်း လေဗာကူဆင်ဟာ ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့သွားခဲ့တဲ့ နည်းပြဇာဘီအလွန်ဆိုနေရာမှာ မန်ချက်စတာယူနိုက်တက်နည်းပြောင်း အဲရစ်တန်ဟတ်နဲ့အစားထိုးခဲ့ပေမယ့် ယခုအခါမှာတော့ လိဂ် ၂ ပွဲကစားပြီးချိန်မှာပဲ နယ်သာလန်သားကို ရာထူးကနေထုတ်ပယ်ခဲ့ပါတယ်။
လာမယ့်စက်တင်ဘာလ ၁၃ ရက်နေ့မှာတော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဟင်ကာပီတစ်ယောက် အဆိုပါပွဲစဉ်မှာ အာဆင်နယ်ကစားသမားဘဝပွဲဦးထွက်ကို စတင်ကစားသွားရဖွယ်ရှိပါတယ်။