
ဝုဗ်နဲ့ပွဲစဉ်မှ ကစားသမားတွေရဲ့ ဆိုးဝါးတဲ့အပြုအမူကြောင့် အက်ဖ်အေက အာဆင်နယ်ကို ပေါင် ၆ သောင်းခွဲ ဒဏ်ရိုက်
ပြီးခဲ့တဲ့ဇန်နဝါရီလက ဝုဗ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းဖော် လူးဝစ်စကယ်လီကို တိုက်ရိုက်အနီကတ်ပြသခဲ့တဲ့ ကွင်းလယ်ဒိုင်ကို အာဆင်နယ်ကစားသမားတွေက အပြင်းအထန်စောဒကတက်ခဲ့ကြပြီး ယခုအခါမှာတော့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေက ကစားသမားတွေရဲ့အပြုအမူကို မထိန်းသိမ်းနိုင်ခဲ့တဲ့ အာဆင်နယ်ကို ပေါင် ၆ သောင်းခွဲဒဏ်ရိုက်ခဲ့ပါတယ်။
ဝုဗ်ကစားသမား မတ်ဒိုဟာတီကို ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ စကယ်လီကို ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာက တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခဲ့တာဖြစ်ပြီး အာဆင်နယ်ကစားသမားတွေအနေနဲ့ အဆိုပါဆုံးဖြတ်ချက်ကို လက်မခံနိုင်ဖြစ်ခဲ့ကြပါတယ်။ ဒါကြောင့် ကစားသမားတွေဟာ အိုလီဗာအနားမှာ ဝိုင်းဝန်းပြီး စောဒကတက်ခဲ့ကြတာကြောင့် ရုတ်ရုတ်သဲသဲအခြေအနေတွေဖြစ်ခဲ့ပါတယ်။
ယခုအခါမှာတော့ အက်ဖ်အေက "ပရီးမီးယားလိဂ်ရဲ့ လွတ်လပ်သောတရားစီရင်ခွင့်ရကော်မရှင်က အာဆင်နယ်ကို ပေါင် ၆ သောင်းခွဲဒဏ်ရိုက်ဖို့ ပြစ်ဒဏ်သတ်မှတ်ခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့လည်း ပွဲကစားချိန် ၄၃ မိနစ်မှာဖြစ်ပျက်ခဲ့တဲ့ အဆိုပါဖြစ်ရပ်အပေါ် အပြစ်ရှိကြောင်းဝန်ခံခဲ့ပြီး ကစားသမားတွေအနေနဲ့ အခုလို မပြုမူသင့်ခဲ့ဘူးလို့ ဆိုထားပါတယ်။ ဒါကြောင့် ကလပ်အနေနဲ့ ဒဏ်ကြေးကို ပေးဆောင်သွားဖို့ သဘောတူထားပါတယ်" လို့ထုတ်ပြန်ခဲ့ပါတယ်။
VAR နဲ့စစ်ဆေးပြီးချိန်မှာ မိုက်ကယ်အိုလီဗာက အနီကတ်ပြသဖို့ဆုံးဖြတ်ခဲ့သလို၊ အက်ဖ်အေကလည်း စကယ်လီကို ၃ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပေမယ့် အာဆင်နယ်က ကစားသမားအတွက် အယူခံဝင်ပြီးနောက်မှာတော့ ပြစ်ဒဏ်ကို ပြန်လည်ပယ်ဖျက်ခဲ့ပါတယ်။ အက်ဖ်အေရဲ့ထုတ်ပြန်ချက်မှာ အာဆင်နယ်ကစားသမားတွေဟာ ကွင်းလယ်ဒိုင် အိုလီဗာကို ပြင်းပြင်းတိုက်ခိုက်ခြင်း၊ အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်းနဲ့ ဒေါသထွက်စေတဲ့ အပြုအမူတွေမပြုလုပ်ခဲ့ကြောင်း ပါဝင်ခဲ့ပါတယ်။
သို့သော်လည်း အာဆင်နယ်ကစားသမား ၉ ဦးအထိ ကွင်းလယ်ဒိုင်နားမှာ စောဒကတက်နေခဲ့တာက မလုပ်သင့်တဲ့အပြုအမူဖြစ်တာကြောင့် အယူခံဝင်မှုကို လက်မခံနိုင်ကြောင်း အက်ဖ်အေက ဆက်လက်ထုတ်ပြန်ထားခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ အာဆင်နယ်ဟာ နောက်ခံလူ ကာလာဖီအိုရီရဲ့သွင်းဂိုးနဲ့အတူ ဝုဗ်ကို ၀-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။