The network connection is lost.

Banner Image

ဒေးဗစ်ရာယာကို အပြီးသတ်ခေါ်ယူလိုက်တဲ့ အာဆင်နယ်

ကြာသပတေးနေ့က အာဆင်နယ်အသင်းဟာ ဘရန့်ဖို့ဒ်နဲ့ စပိန်လက်ရွေးစင်ဂိုးသမား ဒေးဗစ်ရာယာကို ကာလရှည်စာချုပ်နဲ့ အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာလာခဲ့ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီက ဒေးဗစ်ရာယာကို ဘရန့်ဖို့ဒ်ကနေ ၁ ရာသီအငှားစာချုပ်နဲ့ခေါ်ယူခဲ့ကာ အသင်းရဲ့ နံပါတ် ၁ ဂိုးသမား အာရွန်ရမ့်စ်ဒေးကိုကျော်တက်ပြီး စပိန်သားကို ပွဲထုတ်အသုံးပြုခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၄၁ ပွဲအထိပါဝင်ကစားခွင့်ရထားတဲ့ ရာယာဟာ  ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းမှာကစားသမားဘဝစတင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာတော့ ဘရန်းဖို့ဒ်သို့ ပြောင်းရွှေ့လာခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ အသက်-၂၈ နှစ်အရွယ်ဂိုးသမားနဲ့ပတ်သက်ပြီး စာချုပ်ပါငွေကြေးအချက်အလက်တွေကို အသေးစိတ်ထုတ်ဖော်ပြောကြားထားခြင်းမရှိသော်လည်း ဗြိတိန်မီဒီယာတွေကတော့ ပေါင် ၂၇ သန်းအထိကုန်ကျနိုင်တယ်လို့ ဖော်ပြထားကြပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက “ပြီးခဲ့တဲ့ရာသီမှာ ရာယာက ကျွန်တော်တို့အတွက် ဘယ်လောက်အထိအရေးပါသလဲဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် အခုလို တရားဝင်ကစားသမားဖြစ်လာတဲ့အပေါ် အရမ်းဝမ်းသာပါတယ်။ သူက အသင်းရဲ့အဝတ်လဲခန်းထဲမှာ ပုံရိပ်ကြီးတဲ့ကစားသမားဖြစ်လို့ ဆက်လက်လက်တွဲရတာ အရမ်းကောင်းပါတယ်” “သူ့အနေနဲ့ ပြီးခဲ့တဲ့ရာသီက အသင်းမှာ တည်ဆောက်ခဲ့တဲ့ အခြေခံအုတ်မြစ်တွေကို ဆက်လက်တည်ဆောက်သွားနိုင်မယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ပြီးတော့ သူက ကျွန်တော်တို့နဲ့အတူ ပိုမိုအောင်မြင်လာပါလိမ့်မယ်။ ကျွန်တော်တို့မှာ အတော်လေးအင်အားတောင့်တင်းတဲ့ ဂိုးသမားအဖွဲ့ရှိနေပြီး သူတို့ရဲ့ ချိတ်ဆက်မှုတွေကို မြင်တွေ့ရတဲ့အတွက် ကျေနပ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။