The network connection is lost.

Banner Image

ပလိုင်းမောက်ကို ရှုံးနိမ့်မှုက လက်ခံပေးနိုင်စရာမရှိဘူးလို့ ဖွင့်ဟလာတဲ့ အန်းစလော့

အက်ဖ်အေဖလားပြိုင်ပွဲမှာ ပလိုင်းမောက်ကိုရှုံးနိမ့်ခဲ့မှုက လက်သင့်ခံနိုင်စရာမရှိဘူးလို့ တံဆိပ်ကပ်ရင်း မာဆေးဆိုဒ်ဒါဘီမှာတော့ မတူညီတဲ့ပုံစံတစ်ခုကို ပြသသွားဖို့ လီဗာပူးကစားသမားတွေဆီ အန်းစလော့က တောင်းဆိုခဲ့ပါတယ်။

အခုသီတင်းပတ်အစောပိုင်းမှာပဲ ကြိုးကြာနီတွေက အက်ဖ်အေဖလားစတုတ္ထအဆင့်မှာ ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ အံ့အားသင့်ဖွယ် ထွက်ခွာလာခဲ့ရပါတယ်။ အန်းစလော့ကိုယ်တိုင်လည်း ဒီရှုံးနိမ့်မှုအပြီး နားမလည်နိုင်လောက်အောင် စိတ်ပျက်နေခဲ့ပြီး သူ့ရဲ့ကစားသမားတွေဆီ အဲဗာတန်နဲ့ရင်ဆိုင်ရမယ့် မာဆေးဆိုဒ်ဒါဘီပွဲစဉ်မှာ မတူညီတဲ့အသင်းတစ်ခုပုံစံကို ပြသသွားဖို့ တောင်းဆိုခဲ့ပါတယ်။ 

အင်္ဂါနေ့၊ သတင်းစာရှင်းလင်းပွဲအတွင်း ဒတ်ချ်လူမျိုးနည်းပြက “ ပလိုင်းမောက်ကို ရှုံးနိမ့်မှုက လက်သင့်ခံနိုင်စရာ မရှိပါဘူး။ ဒီရလဒ်နဲ့ပတ်သက်လို့ ကျွန်တော်တို့ စိတ်ပျက်ခဲ့ရပါတယ်။ ဒါကြောင့် မနက်ဖြန်ပွဲစဉ်မှာတော့ ကျွန်တော်တို့ရဲ့မတူညီတဲ့အသင်းပုံစံတစ်ခုကို ပြသသွားရပါတော့မယ်။ ပလိုင်းမောက်နဲ့ပွဲစဉ်က ရလဒ်ပိုင်းတင်မကဘဲ စွမ်းဆောင်ရည်ပိုင်းမှာပါ လီဗာပူးအသင်းရဲ့စံချိန်စံညွှန်းတွေအောက် ရောက်ရှိခဲ့ပါတယ်”လို့ ပြောပါတယ်။

ပလိုင်းမောက်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပုံမှန်ပွဲထွက်ကစားသမားကိုးဦးအထိ အနားပေးခဲ့ပေမယ့် အန်းစလော့ကတော့ ဒီအချက်ကို ရှုံးနိမ့်မှုအတွက် ဆင်ခြေတစ်ခုအဖြစ် မဖော်ပြချင်ခဲ့ပါဘူး။ သူက “ရှုံးနိမ့်ခဲ့သော ဘောလုံးပွဲတစ်ခုမှ ဘာကောင်းကျိုးမှမရရှိနိုင်ဘူးဆိုတဲ့ ပညာရှိတစ်ဦးရဲ့အဆိုအမိန့်တစ်ခုကို ကျွန်တော် အပြည့်အဝထောက်ခံပါတယ်။ ကျွန်တော်ကတော့ အခုထက်ပိုပြီး ပွဲစဉ်တွေကစားနေရခြင်းကို နှစ်သက်ပါတယ်။ အခိုက်အတန့်တစ်ခုလောက် ကြာမြင့်ပြီဆိုပေမယ့် ဒီရလဒ်ပိုင်းက ပလိုင်းမောက်နဲ့ရင်ဆိုင်ရချိန် ကျွန်တော်တို့ လိုချင်ခဲ့တဲ့အရာမျိုး မဟုတ်ပါဘူး။

ဂျိုးဂိုးမက်ဇ်နဲ့အတူ မိနစ် ၆၀ လောက်အထိ ကစားသွားဖို့ စီစဉ်ထားခဲ့တာကြောင့် အခက်တွေ့ခဲ့ရပါတယ်။ ကာတစ်ဂျုံးစ်ကိုလည်း ပွဲထွက်ခွင့်ပေးဖို့ စီစဉ်ထားခဲ့ပေမယ့် သူလည်း ပွဲကစားဖို့ အဆင်သင့်မဖြစ်ခဲ့ပါဘူး။ ဒါကြောင့် ရုတ်တရက်ဆိုသလိုပဲ အရေးကြီးကစားသမားနှစ်ဦးကို ကျွန်တော်တို့အသင်း ဆုံးရှုံးခဲ့ရပါတယ်။ ဒါဝင်နူနက်ဇ်ကလည်း သူ့ကလေးရဲ့မွေးနေ့ပွဲတက်ရောက်ဖို့ ပွဲမတိုင်ခင် နှစ်ရက်လောက်က စပိန်နိုင်ငံဆီ ခရီးထွက်သွားခဲ့ပါတယ်။ ဒါကြောင့် သူလည်း တစ်ရက်(သို့မဟုတ်)နှစ်ရက်လောက်သာစောပြီး အသင်းနဲ့ ပြန်ပူးပေါင်းခဲ့ရပါတယ်။

ပြီးပြည့်စုံမှုမရှိတဲ့ အခြေအနေအချို့တော့ ရှိခဲ့ပါတယ်။ အခုထက်ပိုအားကောင်းတဲ့အသင်းပုံစံမျိုးနဲ့ ပြိုင်ဘက်ကို ရင်ဆိုင်သွားဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်၊ ဒီအသင်းကတော့ ဒီပွဲစဉ်ကိုအနိုင်ရရှိဖို့ စွမ်းဆောင်နိုင်ခဲ့သင့်တယ်။ အခုပွဲစဉ်ကို အနိုင်မရရှိခဲ့သလို ပီအက်စ်ဗွီနဲ့ပွဲစဉ်ကိုလည်း ကျွန်တော်တို့ အနိုင်မရရှိခဲ့ပါဘူး။ ဒီအချက်က ဒီပွဲစဉ်တွေမှာ ဒီကစားသမားတွေဆီမှ အကောင်းဆုံးပုံစံရရှိဖို့ လိုအပ်နေတယ်ဆိုတာ ပြသနေပါတယ်။ ပွဲကစားရဘူးဆိုရင် ဒီကစားသမားတွေဆီမှ အကောင်းဆုံးပုံစံရရှိဖို့ မလွယ်လှပါဘူး။ သူတို့အတွက် နောက်ထပ်အပိုပွဲစဉ်တွေ မရှိတော့တာကတော့ စိတ်ပျက်စရာပါပဲ”လို့ ဆက်ပြောခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဦးဆောင်သူတွေက အခုညပိုင်း၊ ဂွတ်ဒီဆင်ပါ့ခ်မှာ အဲဗာတန်နဲ့ရင်ဆိုင်ပြီးနောက် သီတင်းပတ်ကုန်၊ အန်ဖီးလ်မှာ ဝုဗ်ကို ဧည့်ခံကစားသွားရပါမယ်။