
တော့တင်ဟမ်နည်းပြ ဘာကြောင့်မဖြစ်လာခဲ့သလဲဆိုတာ ထုတ်ဖော်ပြောပြလိုက်တဲ့ အန်းစလော့
အန်းစလော့က ၂၀၂၃ ခုနှစ်၊ တော့တင်ဟမ်အသင်းရဲ့ချဉ်းကပ်မှုကို ရရှိခဲ့ချိန်မှာ မြောက်လန်ဒန်အရပ်ဆီ ထွက်ခွာဖို့ ဆန္ဒရှိခဲ့ပေမယ့် သူ့ရဲ့မိသားစုဝင်တွေကြောင့် ဒီရာထူးကို လက်မခံနိုင်ခဲ့ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း ဖီယင်နုကိုကိုင်တွယ်နေတဲ့ ဒတ်ချ်လူမျိုးနည်းပြနဲ့ တော့တင်ဟမ်တို့အကြား ဆွေးနွေးမှုတွေရှိခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်မှာလည်း ကွန်တီကိုထုတ်ပယ်ပြီးနောက် နည်းပြရာထူးလစ်လပ်နေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တော့တင်ဟမ်က နည်းပြသစ်အဖြစ် ပိုစတီကိုဂလူကို ခန့်အပ်ခဲ့ပါတယ်။
အဆုံးမှာတော့ အန်းစလော့အတွက် နောက်ထပ်တစ်နှစ်ကြာ ဖီယင်နုမှာဆက်ရှိနေဖို့ စာချုပ်သစ်ရရှိခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ သူက လီဗာပူးဆီရောက်ရှိလာကာ ယမန်နှစ်ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပြီး တော့တင်ဟမ်ကတော့ အမှတ်ပေးဇယားအဆင့်-၁၇ နေရာနဲ့ ရာသီသိမ်းခဲ့ပါတယ်။
လီဗာပူးနည်းပြက သူ့ရဲ့အတ္တုပ္ပတ္ထိ(Arne Slot: The New Era)ရေးသားသူ ဒတ်ချ်စာရေးဆရာဆီ “ တော့တင်ဟမ်ဆီ ကျွန်တော် မရောက်ဖြစ်ခဲ့တဲ့အချက်က မိသားစုဆိုင်ရာဆုံးဖြတ်ချက်တစ်ခုကြောင့်ဆိုတာ ၉၉ ရာခိုင်နှုန်းသေချာပါတယ်။ ကျွန်တော်တို့တွေ ဆွေးနွေးမှုများစွာ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော့်ရဲ့ရင်သွေးတွေဆီ ကျောင်းပိတ်ရက်တွေမှာ လန်ဒန်မြို့ဆီ အလည်အပတ်လာရောက်တာ ဘယ်လောက်တောင်ပျော်စရာကောင်းလိုက်မလဲဆိုပြီး ရှင်းပြပါတယ်။ ဒါပေမဲ့ ကျွန်တော့်သမီးကတော့ တချိန်ချိန်မှသာ ဒီလိုအလည်အပတ်ခရီးကို သူမရဲ့သူငယ်ချင်းတွေနဲ့အတူ သွားချင်တယ်လို့ ပြန်ပြောခဲ့ပါတယ်။
ဖီယင်နုမှ တော့တင်ဟမ်ဆီ ရောက်သွားတဲ့သူတွေကြောင့် ကျွန်တော်လည်းပြောင်းရွှေ့ချင်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ဘောလုံးရာသီ၊ လီဗာပူးရဲ့ချဉ်းကပ်မှုကို ရရှိလာချိန်မှာတော့ ဒါက လုံးဝကွဲပြားခြားနားသွားပါတယ်”လို့ ပြောပြပါတယ်။
ဒါ့အပြင် အန်းစလော့က မိုဆာလက်ဆီရဲ့စွမ်းဆောင်ရည်ကောင်းတွေ ပိုမိုရရှိဖို့ အကြိမ်ပေါင်းများစွာ ချီးကျူးခြင်းအပါအဝင် ဘယ်လိုစီမံဆောင်ရွက်ခဲ့သလဲဆိုတာကိုလည်း ထုတ်ဖော်သွားခဲ့ပါတယ်။ အီဂျစ်သားက အန်းစလော့လက်အောက် ပထမဆုံးပရီးမီးယားလိဂ်ဘောလုံးရာသီမှာ ၂၉ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၈ ကြိမ်ပြုလုပ်ပြီး PFA တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
ဒတ်ချ်လူမျိုးနည်းပြက “ အမှန်ပါပဲ၊ ကျွန်တော်က အရူးတစ်ယောက်မဟုတ်ပါဘူး။ ကျွန်တော်က အစည်းအဝေးတစ်ခုခေါ်ယူပြီး မိုဆာလက်နဲ့ အခြားသူတွေကို အသင်းအပေါ် ပိုမိုကာကွယ်ပေးဖို့ လိုအပ်တယ်ဆိုတာမျိုး မပြောခဲ့ပါဘူး။ကျွန်တော်က ဘာမှမပြောခင် မိုဆာလက်ကို အကြိမ် ၅၀ လောက် ချီးကျူးခဲ့ပါတယ်။ ဒီနောက်မှာတော့ ဗီဒီယိုအချို့ပြသပြီး ဘယ်အပိုင်းတွေမှာ သူ ပိုကောင်းလာနိုင်သလဲဆိုတာ ရှင်းပြပါတယ်။ သူကလည်း ဒီရှင်းပြချက်ကို ချက်ချင်းဆိုသလို သဘောတူခဲ့ပါတယ်”လို့ ပြောပါတယ်။