The network connection is lost.

Banner Image

နော်တင်ဟမ်ဖောရက်စ်နဲ့သရေကျပြီးနောက် ပြိုင်ဘက်ကစားသမားကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့တဲ့ အန်းစလော့

ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်ကို ၁-၁ နဲ့သရေကျခဲ့ပြီးနောက် ပွဲအပြီးမှာ လီဗာပူးနည်းပြ အန်းစလော့က ပြိုင်ဘက်အသင်းရဲ့ဂိုးသမား မက်ဇ်ဆဲလ်စ်ကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်အတွက်ဦးဆောင်ဂိုးကို ပွဲအစ ၈ မိနစ်မှာပဲ တိုက်စစ်မှူး ခရစ်ဝုဒ်ကသွင်းယူပေးခဲ့ပေမယ့် လီဗာပူးအတွက်ချေပဂိုးကို ဒုတိယပိုင်းမှာ လူစားဝင်ကစားသမား ဒီယေဂိုဂျိုတာက သွင်းယူပေးခဲ့တာကြောင့် ၁-၁ ဆိုတဲ့သရေရလဒ်သာထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ လီဗာပူးက အနိုင်ရဖို့ အခွင့်အရေးတွေရခဲ့ပေမယ့် နော်တင်ဟမ်ဖောရက်စ်ဂိုးသမား ဆဲလ်စ်ရဲ့လက်စွမ်းပြမှုတွေကြောင့် အဝေးကွင်းမှာ သရေ ၁ မှတ်သာရရှိခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာ အန်းစလော့က “ဒုတိယပိုင်းမှာ ကျွန်တော်တို့ အခွင့်အရေးတွေအများကြီးရရှိခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ခံစစ်ကအရမ်းကောင်းခဲ့ပြီး ကျွန်တော်တို့ရဲ့တိုက်စစ်ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အနိုင် ၃ မှတ်မရခဲ့ပေမယ့် ကစားသမားတွေက အစွမ်းကုန်ပေးဆပ်ကစားခဲ့ကြပါတယ်။ ဒုတိယပိုင်းမှာပိုကောင်းခဲ့ပြီး အခွင့်အရေးတွေလည်းရခဲ့ပါတယ်”

“သူတို့ဂိုးသမားက ဒီပွဲမှာ အရမ်းကောင်းခဲ့သလို၊ တစ်ရာသီလုံး လက်စွမ်းပြနေတာကို သတိထားမိပါတယ်။ ကျွန်တော်တို့ဂိုးသွင်းနိုင်ဖို့ခက်ခဲနေတာ သူ့ကြောင့်ပါပဲ။ ကျွန်တော်တို့ ဒီပွဲမှာ တန်ပြန်တိုက်စစ် တစ်ကြိမ်ပဲခွင့်ပြုခဲ့ရပေမယ့် သူတို့က အဲဒီတန်ပြန်တိုက်စစ်ကနေပဲ ဂိုးသွင်းနိုင်ခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ယခုသရေပွဲကြောင့် လီဗာပူးဟာ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နေဆဲဖြစ်ပြီး ဒုတိယနေရာက နော်တင်ဟမ်ဖောရက်စ်ကို ၆ မှတ်အထိဖြတ်တောက်ထားနိုင်ဆဲဖြစ်ပါတယ်။ ပွဲအပြီးမှာ နော်တဟမ်ဖောရက်စ်နည်းပြ နူနိုအက်စ်ပီရီတိုဆန်တိုကလည်း “ကျွန်တော်တို့က ကြီးမားတဲ့ကလပ်ပါ။ ဒါကို သက်သေပြစရာမလိုပါဘူး။ 

ကစားသမားတွေက တစ်ဦးနဲ့တစ်ဦးလေးစားမှုရှိကြပါတယ်။ ပွဲအပြီး အဝတ်လဲခန်းထဲမှာလည်း ကစားသမားတွေက တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်တာတွေဘာတွေ မရှိကြပါဘူး။ လီဗာပူးအခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့တဲ့အပေါ်မှာပဲ စိတ်ပျက်နေကြပါတယ်။ ဒီလိုခံစားချက်မျိုးရှိတာကောင်းပါတယ်။ ဒါကသူတို့အတွက်တိုးတက်စေမယ့်အရာတစ်ခုပါ” လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်စနေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ လီဗာပူးက ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နော်တင်ဟမ်ဖောရက်စ်ကတော့ ဆောက်သမ်တန်ကိုအိမ်ကွင်းမှာ ဧည်ခံကစားသွားရပါမယ်။