
ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ လီဗာပူးအသင်း ဂိုးမသွင်းနိုင်လောက်ဘူးလို့ ယုံကြည်နေခဲ့တဲ့ အန်းစလော့
လီဗာပူးနည်းပြအန်းစလော့က ဘရန့်ဖို့ဒ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် သူ့အသင်းရဲ့လတ်တလော သွင်းဂိုးရရှိနိုင်ရေးရုန်းကန်နေရမှုအပေါ် ရိုးရိုးသားသားပဲ အကဲဖြတ်သွားခဲ့ပါတယ်။
Gtech Community ကွင်းကြီးအတွင်း ရယူနိုင်ခဲ့တဲ့ အောင်ပွဲမှာ ကြိုးကြာနီတွေက ဂိုးပေါက်ခြိမ်းခြောက်မှု ၃၇ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ဒါက ၂၀၀၃-၂၀၀၄ ဘောလုံးရာသီမှစတင်ကာ Opta ကောက်ယူခဲ့တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ခုအတွင်း အဝေးကွင်းမှာလာရောက်ယှဉ်ပြိုင်တဲ့ ကလပ်အသင်းအတွက် စံချိန်မှတ်တမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ကြိုးကြာနီတွေကိုယ်တိုင်လည်း အိမ်ရှင်တွေရဲ့ခံစစ်ကြောင်းကိုဖြိုခွဲနိုင်ဖို့ ဒုတိယပိုင်းနာကျင်အချိန်ပိုမတိုင်ခင်အထိ စောင့်ဆိုင်းပေးခဲ့ရပါတယ်။ ဒုတိယပိုင်းနာကျင်အချိန်ပိုမှာတော့ လူစားဝင်လာတဲ့ ဒါဝင်နူနက်ဇ်ရဲ့အမှတ်ရဖွယ်သွင်းဂိုးနှစ်ဂိုးနဲ့အတူ ကြိုးကြာနီတို့ အဖိုးတန်နိုင်ပွဲကို ရှာဖွေနိုင်ခဲ့ပါတယ်။
အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ လီဗာပူးအသင်းက မန်ချက်စတာယူနိုက်တက်၊ နော်တင်ဟမ်ဖောရက်စ်တို့နဲ့ နှစ်ပွဲဆက်သရေကျပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲလမ်းကြောင်းဆီ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အဆိုပါပွဲစဉ်တွေမှာလည်း အန်းစလော့ရဲ့အသင်းက အခွင့်အရေးများစွာဖန်တီးနိုင်ပေမယ့် ဂိုးအဖြစ်ပြောင်းလဲနိုင်ဖို့တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ အန်းစလော့က မကြာသေးမီကာလတွေအတွင်း ကစားသမားတွေရဲ့အခွင့်အရေးဖြုန်းတီးပစ်ခဲ့မှုတွေကို မြင်တွေ့ရပြီးနောက် အခုအဝေးကွင်းပွဲစဉ်မှာ သုံးမှတ်အပြည့်ရရှိသွားရန်အတွက် အသင်းအပေါ် မယုံကြည်ထားခဲ့ဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အန်းစလော့က “ဂိုးသွင်းနိုင်ပါ့မလားဆိုပြီး သံသယရှိခဲ့သလား? ဟုတ်ပါတယ်၊ အမှန်ပါပဲ၊ ဒီအတွက် ကျွန်တော် သံသယရှိခဲ့ပါတယ်။ ကျွန်တော်တို့ နှစ်ဂိုးမသွင်းနိုင်ခင်အထိ ငါတော့ ပြီးခဲ့တဲ့ပွဲစဉ်တွေကိုပဲ ထပ်ခါထပ်ခါမြင်တွေ့နေရပြန်ပြီလို့ ခံစားခဲ့ရပါတယ်။ တပုံစံတည်းပါပဲ။ အရင်တုန်းကလည်း ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ယူနိုက်တက်နဲ့ပွဲစဉ်မှာ လူတွေက မက်ဂွါရီလွဲချော်ခဲ့တဲ့ ကန်သွင်းချက်ကိုပဲ အာရုံစိုက်နေခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မတိုင်ခင် ကျွန်တော်တို့အသင်းက အခွင့်အရေးကောင်း သုံးကြိမ်တောင် ရရှိခဲ့တာပါ။ လတ်တလောသီတင်းပတ်တွေအတွင်းမှာ ကျွန်တော်တို့အသင်းက အခွင့်အရေးကောင်းများစွာကို လွဲချော်ခဲ့ပါတယ်။ တော့တင်ဟမ်နဲ့ပွဲစဉ်မှာလည်း အလားတူပါပဲ။ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာလည်း အခွင့်အရေးတွေ အများကြီးလွဲချော်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင်လည်း ‘ အိုကေ၊ အခွင့်အရေးတွေ ဘယ်လောက်လွဲလွဲ၊ ပွဲချိန်နောက်ဆုံးငါးမိနစ်မှာ ငါတို့တွေ ဂိုးသွင်းယူနိုင်လိမ့်မယ်’လို့ ခံစားမိရင် နည်းနည်းတော့ အံ့အားသင့်စရာ ဖြစ်သွားပါလိမ့်မယ်။ ဒါပေမယ့် ကောင်လေးတွေက ကျွန်တော်မှားတယ်ဆိုတာကို နောက်တစ်ကြိမ်သက်သေပြသွားခဲ့ပါတယ်”လို့ ပြောပါတယ်။
ပွဲကျပ်ကာလကိုဖြတ်သန်းနေရတဲ့ လီဗာပူးအသင်းက လာမယ့်အင်္ဂါနေ့မှာ လိုင်လီနဲ့ အရေးကြီးချန်ပီယံလိဂ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားရပါမယ်။ ဒီပွဲစဉ်အပြီး သူတို့တွေက အစ်ဆွစ်ချ်နဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပြင်ဆင်သွားရပါလိမ့်မယ်။