
အန်တိုနီရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ အေးဂျင့်ဖြစ်သူ ဂျူနီယာ
အန်တိုနီရဲ့အေးဂျင့်ဖြစ်သူ ဂျူနီယာကတော့ သူ့ရဲ့ကစားသမားအနေနဲ့ ဘက်တစ်အသင်းထံ အပြီးသတ်ပြောင်းရွှေ့နိုင်ချေရှိနေတာကို မငြင်းဆန်ခဲ့ဘူးလို့ သိရပါတယ်။
ဂျူနီယာက အငှားထွက်ခွာမှုဟာ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်တယ်လို့ ရှင်းပြခဲ့သလို ဘောလုံးက ပြောင်းလဲစေနိုင်တဲ့အင်အားရှိတယ်လို့ ပြောကြားလိုက်ပါတယ်။
လာလီဂါ ၂ ပွဲသာကစားထားရပေမယ့် အန်တိုနီဟာ ပရီးမီးယားလိဂ်ပထမရာသီဝက်ထက် ပွဲထွက်ခွင့်မိနစ် ပိုရထားခဲ့တာဖြစ်ပါတယ်။
ဘရာဇီးသားဟာ ကွန်းဖရန့်လိဂ်ပွဲအပါအဝင် ၂ ဂိုးသွင်းယူထားနိုင်ခဲ့ပြီး ယူနိုက်တက်မှာထက် ပွဲထွက်ခွင့်ပိုရနေတာဖြစ်ပါတယ်။ “အန်တိုနီက အာမိုရင်အပေါ် လေးစားမှုအများကြီးရှိပါတယ်။ သေချာပါတယ်။ ဒါပေမယ့် ဇန်နဝါရီမှာ ကျွန်တော်တို့နားလည်လိုက်တာက အသင်းဘက်ကလည်း အခြေအနေမပေးတော့သလို အန်တိုနီကလည်း ပုံစံကောင်းပြန်ရဖို့ အငှားထွက်လမ်းကို ရွေးချယ်ခဲ့ရပါတယ်။
ဘောလုံးက ပြောင်းလဲစေနိုင်တဲ့ အင်အားရှိတယ်လို့ ကျွန်တော်ယုံပါတယ်။ ရေရှည်အစီအစဉ်တော့ မရှိသေးပါဘူး။ ယူနိုက်တက်မှာ သူအများကြီးလုပ်စရာကျန်နေပါသေးတယ်။ ဒါမှမဟုတ် မကျန်တော့တာလည်း ဖြစ်နိုင်ပါတယ်။ အဲ့တာက အချက်အလက်တွေအများကြီးအပေါ်မှာ မူတည်ပါတယ်”လို့ ဂျူနီယာက ပြောကြားခဲ့ပါတယ်။ အန်တိုနီရဲ့အငှားအပြောင်းအရွှေ့မှာ အပြီးသတ်ခေါ်ယူခွင့်မပါရှိပဲ ၂၀၂၇ အထိ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကျန်ရှိနေပါသေးတယ်။
တကယ်လို့ လာလီဂါမြေမှာသာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့မယ်ဆိုရင် ဘရာဇီးသားအနေနဲ့ လာမယ့်ရာသီ အာမိုရင်လက်အောက်မှာ ပြန်လည်ကစားခွင့်ရလာဖွယ်ရှိနေပါတယ်။ ဒါပေမယ့်လည်း အာမိုရင်က မူရင်းတောင်ပံကစားသမားထက် wing-back ကစားသမားတွေကိုသာ ဦးစားပေးခေါ်ယူနေတာဖြစ်ပါတယ်။