The network connection is lost.

Banner Image

အန်တိုနီက ကလဲ့စားချေဖို့ အလိုရှိနေခဲ့ကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ပယ်လီဂရီနီ

ရီးရဲလ်ဘက်တစ်နည်းပြ မန်နူရယ်ပယ်လီဂရီနီက မန်ချက်စတာယူနိုက်တက်မှ အငှားစာချုပ်နဲ့ခေါ်ယူထားခဲ့တဲ့ တောင်ပံကစားသမား အန်တိုနီဟာ ကလဲ့စားချေဖို့ အလိုရှိနေခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပြီး ကစားသမားရဲ့ အနာဂတ်ကတော့ အသင်းမှာ ဆက်ရှိနေဖို့မသေချာဘူးလို့ဆိုပါတယ်။ 

၂၀၂၂ ခုနှစ်မှာ အေဂျက်စ်မှ အိုးလ်ထရက်ဖို့ဒ်သို့ ပေါင် ၈၁.၃ သန်းနဲ့ရောက်ရှိလာခဲ့တဲ့ အန်တိုနီဟာ ယူနိုက်တက်ရဲ့ ဒုတိယတန်ဖိုးအမြင့်ဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ အန်တိုနီအတွက် ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံခဲ့ရပေမယ့် ဘရာဇီးသားဟာ မျှော်လင့်ထားသလောက် ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိဘဲ နောက်ပိုင်းမှာ နေရာရဖို့ပင် ရုန်းကန်ခဲ့ရပါတယ်။ 

၂၀၂၄-၂၅ ပထမရာသီဝက်မှာ ကစားသမားဟာ ယူနိုက်တက်အတွက် သွင်းဂိုး ၁ ဂိုးသာရယူနိုင်ခဲ့တာကြောင့် ဇန်နဝါရီမှာတော့ ရီးရဲလ်ဘက်တစ်သို့ အငှားစာချုပ်နဲ့ ထွက်ခွာခဲ့ရပါတယ်။ ဘက်တစ်သို့အငှားနဲ့ ရောက်ရှိလာပြီးနောက်မှာတော့ အန်တိုနီဟာ ပုံမှန်ခြေစွမ်းကို ပြန်လည်ရရှိလာခဲ့ပြီး စပိန်ကလပ်အတွက် အလွန်အရေးပါတဲ့ ကစားသမားအဖြစ် ရပ်ထားနိုင်ပြီဖြစ်ပါတယ်။
 
လက်ရှိအချိန်မှာ ဘရာဇီးသားဟာ ဘက်တစ်အတွက် စုစုပေါင်း ၂၅ ပွဲကစားထားပြီး ၉ ဂိုးသွင်းယူကာ၊ ဂိုးဖန်တီးမှု ၅ ကြိမ်အထိပြုလုပ်ထားနိုင်သလို၊ ယူရိုပါကွန်းဖရန့်လိဂ်ဗိုလ်လုပွဲသို့လည်း တက်လှမ်းထားနိုင်ပြီဖြစ်လို့ဆုဖလားအောင်မြင်မှုရရှိဖို့ အခွင့်အရေးရှိနေပါတယ်။ 

ယခုအခါမှာ ပယ်လီဂရီနီက "အန်တိုနီက သူလုပ်နိုင်တာမှန်သမျှကို ဒီအသင်းအတွက်လုပ်ပေးထားတယ်လို့ ထင်ပါတယ်။ ဘက်တစ်ကိုသူမရောက်ခင်က ကျွန်တော်နဲ့ စကားစမြည်ပြောခဲ့ပါသေးတယ်။ သူပြောတာကတော့ ယူနိုက်တက်မှာ ကစားခွင့်မရတာက မပျော်လို့ပါတဲ့။ ပြီးတော့ သူကလဲ့စားချေချင်တယ်လို့ ပြောပါတယ်။ သူလုပ်နိုင်တယ်ဆိုတာ ကျွန်တော်တို့ကတော့ သိခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားတစ်ယောက်အတွက် ယူရိုသန်း ၁၀၀ လောက်ပေးရတယ်ဆိုတာ မလွယ်ပါဘူး။ အန်တိုနီက ကစားသမားကောင်းတစ်ယောက်ပါ။ ဘက်တစ်နဲ့အတူ တိုးတက်တဲ့ကစားသမားဘဝကို တည်ဆောက်ထားနိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်ကြာသပတေးနေ့မှာတော့ ဘက်တစ်ဟာ ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲစဉ်အဖြစ် ဥရောပချန်ပီယံ ၂ ကြိမ်ဖြစ်ခဲ့ဖူးတဲ့ ချဲလ်ဆီးနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ယခုနှစ်ပြိုင်ပွဲအစမှာကတည်းက ချဲလ်ဆီးဟာ ဒီဆုဖလားကို ဆွတ်ခူးနိုင်မယ်လို့ အပြတ်အသတ်ရေပန်းစားနေတာကြောင့် ဘက်တစ်အနေနဲ့ နိုင်ပွဲရဖို့ အတော်လေးရုန်းကန်သွားရနိုင်ပါတယ်။ 

ဆက်လက်ပြီး ပယ်လီဂရီနီက "မနက်ဖြန်ပွဲမှာ ကျွန်တော်တို့လည်း ချန်ပီယံဖြစ်ဖို့ တူညီတဲ့ အခွင့်အရေးရှိနေတယ်လို့ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ဘက်တစ်ဟာ အသင်းသမိုင်းတစ်လျှောက် ဥရောပဖလားကို တစ်ကြိမ်မှဆွတ်ခူးခဲ့ဖူးခြင်းမရှိတာကြောင့် ချဲလ်ဆီးနဲ့ပွဲစဉ်မှာ အနိုင်ယူပြီး သမိုင်းသစ်ကို စတင်ဖန်တီးသွားနိုင်မလား စောင့်ကြည့်ရပါမယ်။