The network connection is lost.

Banner Image

ကလော့ပ်လက်ထက် အောင်ပွဲဆာလောင်စိတ်ကို ဆက်လက်သယ်ဆောင်သွားလိုတဲ့ အန်းစလော့

လီဗာပူးနည်းပြသစ် အန်းစလော့က ယာဂန်ကလော့ပ်ရဲ့နေရာကို ဖြည့်ဆည်းပေးရမှုအပေါ်  စိုးရိမ်ကြောင့်ကြမှု အလျဉ်းမရှိပေမယ့် နည်းပြဟောင်းချန်ထားခဲ့တဲ့ ခိုင်မာတဲ့အခြေခံအုတ်မြစ်ကို ဆက်လက်တည်ဆောက်ရမှာဖြစ်လို့ ပျော်ရွှင်ကျေနပ်မိတယ်လို့ ဇူလိုင် ၅ရက်မှာ ပြောခဲ့ပါတယ်။

ကလော့ပ်လက်ထက် ကိုးနှစ်တာကာလအတွင်း လီဗာပူးအသင်းက ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ် အပါအဝင် ရရှိနိုင်သမျှ ဆုဖလားအားလုံးနီးပါးကို ရယူနိုင်ခဲ့ပြီး အန်းစလော့ကလည်း အသင်းအတွက် ကလော့ပ် ရိုက်သွင်းပေးထားတဲ့ အောင်ပွဲဆာလောင်စိတ်အပေါ် လေးစားမိတယ်လို့ ပြောဆိုလိုက်ပါတယ်။

"ကလော့ပ်က အသင်းဆီရောက်ရှိလာချိန်မှာ သူ့ကိုယ်သူ Normal One ပါဆိုပြီး ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် သူလုပ်ပြခဲ့တဲ့ ထူးရှယ်အရာတွေက သူထွက်ခွာသွားချိန်မှာတောင် အထင်ကြီးလောက်စရာပုံစံ ဖြစ်ခဲ့ပါတယ်။ အမှန်ပါပဲ၊ ကလော့ပ်ရဲ့နေရာ အစားထိုးဝင်ရောက်ဖို့ဆိုတာ အတော်လေးတာဝန်ကြီးပါတယ်။ ဒါပေမယ့် အောင်ပွဲဆာလောင်စိတ်ရှိနေတဲ့ အသင်းတစ်ခုကို ဆက်ခံခွင့်ရရှိတယ်ဆိုတဲ့ ရှုထောင့်မျိုးကလည်း ကြည့်ရှုလို့ရနိုင်ပါတယ်။ ဆုဖလားအချို့ ဆွတ်ခူးနိုင်ဖို့ သူတို့အတွက် ဖြစ်နိုင်ခြေတစ်ခုရှိတယ်ဆိုတာ အတိတ်မှာ သက်သေပြသခဲ့ပြီးပါပြီ"လို့ အန်းစလော့က လီဗာပူးနည်းပြသစ်အဖြစ် ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ ဖီယင်နုနဲ့အတူ ဒတ်ချ်အမှတ်ပေးချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့တဲ့ အန်းစလော့က ကလပ်အသင်းဆီ အပြောင်းအလဲများစွာ ယူဆောင်လာဖို့ စိတ်ကူးထားခြင်း မရှိပေမယ့် အန်ဖီးလ်ဆီ မရောက်ရှိလာခင် တိုးတက်ရမယ့် အခန်းကဏ္ဍတွေကို စောင့်ကြည့်လေ့လာမှုအချို့ ပြုလုပ်ခဲ့တယ်လို့ ရှင်းပြပါတယ်။

သူက “ဒါက ပူးပေါင်းဆောင်ရွက်မှုတစ်ခုပါ။ ကိုယ်ပိုင်အမြင်တွေကို ဆောင်ယူပေးလာနိုင်တဲ့ လူပုဂ္ဂိုလ်တွေလည်း အများကြီးရှိပါတယ်။ ဒါက လတ်တလောနှစ်တွေအတွင်း ကျွန်တော် လုပ်ဆောင်နေခဲ့တဲ့ နည်းလမ်းဖြစ်ပါတယ်။ အရိုးသားဆုံးပြောရရင် အခုလိုမျိုးလုပ်ဆောင်ရတာကို ကျွန်တော် ကြိုက်နှစ်သက်ပါတယ်။ သာမန်အားဖြင့် ကစားသမားအများအပြားထွက်ခွာသွားမှုမရှိတဲ့ ကလပ်အသင်းတစ်ခုဆီ ရောက်ရှိနေရတာ ကံကောင်းတယ်လို့ ခံစားမိပါတယ်။ ကျွန်တော်တို့ရဲ့ကစားသမားအများစုကို ကလပ်အသင်းစီမံခန့်ခွဲမှုတာဝန်ရှိသူတွေက ဆက်ထိန်းထားပေးမယ်လို့လည်း မျှော်လင့်မိပါတယ်။ ပြီးရင်တော့ အဲ့ဒီနေရာကနေစပြီး ကျွန်တော်တို့အသင်းကို တည်ဆောက်သွားနိုင်ပါမယ်”လို့ ဆိုပါတယ်။