ကြွက်သားဒဏ်ရာပြဿနာကြောင့် နွာနီရီ ရက်သတ္တပတ်အချို့ အနားယူသွားရမယ်လို့ အာတီတာအတည်ပြု
အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက အသင်းရဲ့တောင်ပံကြယ်ပွင့်ကစားသမားလေး နွာနီရီဟာ ကြွက်သားဒဏ်ရာပြဿနာကြုံတွေ့ခဲ့ပြီး ရက်သတ္တပတ်အချို့အနားယူသွားရမယ်လို့ အတည်ပြုပြောကြားလာခဲ့တာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းကြောင်းပေါ်ရောက်နေတဲ့ အာဆင်နယ်အတွက် ထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့ပြန်ပါတယ်။
အသက်-၁၇ နှစ်အရွယ်ကစားသမားဟာ ဘရိုက်တန်ကို ၁-၁ နဲ့သရေကျခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၁၆ မိနစ်မှာပဲစတင်သွင်းယူပေးခဲ့ပေမယ့် ပွဲပြီးဆုံးတဲ့အထိကစားခွင့်မရခဲ့ဘဲ ပထမပိုင်းအပြီးမှာပဲ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ ယခုအခါမှာတော့ ကစားသမားဟာ ကြွက်သားဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပြီး ရက်သတ္တပတ်အနည်းငယ်အနားယူသွားရမယ်လို့ အာတီတာက အသိပေးခဲ့ပါတယ်။
ဘူကာယိုဆာကာ၊ ဘန်ဝှိုက်၊ တိုမီယာစုနဲ့ ရာဟင်စတာလင်တို့လို အဓိကကစားသမားတွေ ဒဏ်ရာရနေတဲ့ အာဆင်နယ်အတွက် အခုလို နွာနီရီရဲ့ဒဏ်ရာပြဿနာက နောက်ထပ်ထိုးနှက်ချက်တစ်ခုဖြစ်လာဖို့ရှိနေပါတယ်။ လာမယ့်မတ်လမှာ အသက်-၁၈ နှစ်ပြည့်မယ့် လူငယ်ကစားသမားဟာ ယခုရာသီမှာ အာဆင်နယ်အတွက် အားကိုးရတဲ့ ကစားသမားတစ်ယောက်အဖြစ် ရပ်တည်ထားနိုင်ပြီး ပြိုင်ပွဲစုံ ၁၈ ပွဲအထိပါဝင်ကစားခွင့်ရထားတာဖြစ်ပါတယ်။ အာတီတာရဲ့အသင်းအတွက် စုစုပေါင်း ၅ ဂိုးအထိသွင်းယူပေးထားနိုင်တဲ့ကစားသမားဟာ အာဆင်နယ်အကယ်ဒမီရဲ့နောက်ဆုံးထုတ်ကုန် ရတနာတစ်လုံးလည်းဖြစ်ပါတယ်။
လာမယ့်ဗုဒ္ဓဟူးနေ့မှာ အာဆင်နယ်ဟာ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် နယူးကာဆယ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နွာနီရီကတော့ အဆိုပါပွဲစဉ်ကို လွဲချော်သွားမှာဖြစ်ပြီး ပြန်လည်ကစားနိုင်ဖို့ ကြံ့ခိုင်မှု ပြန်လည်တည်ဆောက်သွားရပါဦးမယ်။