သည်းခံနေတာ ၁၈ လရှိနေပြီလို့ ပြောဆိုရင်း ဒေါသအိုးပေါက်ကွဲခဲ့တဲ့ ပိုစတီကိုဂလူ
လီဗာပူးကို ၆-၃ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် သူ့ရဲ့နည်းစနစ်ပိုင်းချဉ်းကပ်မှုအပေါ် ထပ်မံမေးခွန်းထုတ်လာမှုကို တော့တင်ဟမ်နည်းပြပိုစတီကိုဂလူ မကျေမနပ်ဖြစ်နေခဲ့ပါတယ်။ မတည်ငြိမ်တဲ့ ပထမရာသီဝက်ကာလအပြီး တော့တင်ဟမ်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၁၁ နေရာမှာ ရပ်တည်ကာ ခရစ္စမတ်ကာလဆီ ဝင်ရောက်လာပါလိမ့်မယ်။
ဒါ့အပြင် ပိုစတီကိုဂလူရဲ့ နည်းစနစ်ပိုင်းတွေကို အသေးစိတ်စောင့်ကြည့်နေမှုတွေ ရှိလာခဲ့ပါတယ်။ မနေ့ညပိုင်း၊ ပွဲစဉ်မှာလည်း ပြိုင်ဘက်နည်းပြအန်းစလော့က အိမ်ရှင်တွေရဲ့ခံစစ်လိုင်းမြှင့်တင်ထားမှုကို အကောင်းဆုံးအသုံးချပြီး ဂိုးတွေတဒိုင်းဒိုင်းသွင်းယူသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ကြာသပတေးနေ့၊ မန်ချက်စတာယူနိုက်တက်ကို ၄-၃ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ကာရာဘောင်းဖလားကွာတားဖိုင်နယ်ပွဲစဉ်အပြီး ပိုစတီကိုဂလူက သူ့ရဲ့ခံစစ်လိုင်းမြှင့်တင်ထားမှုနည်းဗျူဟာကို ဝေဖန်သူတွေအပေါ် သွယ်ဝိုက်သောအားဖြင့် တုံ့ပြန်သွားခဲ့ပါတယ်။ ယမန်နေ့ရှုံးပွဲအပြီးမှာလည်း သူက လက်ရှိနည်းဗျူဟာပိုင်းအပေါ် ယုံကြည်မှုရှိနေပုံကို ထပ်လောင်းပြသခဲ့ပြီး အပြောင်းအလဲလုပ်စရာမရှိပါဘူးလို့ ငြင်းဆန်သွားခဲ့ပါတယ်။
ပွဲပြီးသတင်းစာရှင်းလင်းပွဲအတွင်း ပေါက်ကွဲလောင်မြိုက်နေတဲ့ ပိုစတီကိုဂလူက “ ကြည့်လိုက်ပါ၊ လွန်ခဲ့တဲ့ ၁၈ လတာကာလအတွင်း ဒီနေရာမှာထိုင်ကာ တူညီတဲ့မေးခွန်းတွေကိုပဲ ထပ်ခါထပ်ခါဖြေဆိုနေရမှုအပေါ် ကျွန်တော် အတော်လေးစိတ်ရှည်သည်းခံပေးခဲ့တယ်လို့ ထင်ပါတယ်။ လူတွေက ကျွန်တော့်ရဲ့နည်းစနစ်ပိုင်းကို အပြောင်းအလဲလုပ်စေချင်တယ်ဆိုရင်လည်း အပြောင်းအလဲလုပ်သွားမှာ မဟုတ်ပါဘူး။ ဒါက ကျွန်တော်တို့ကို အောင်မြင်မှုလမ်းကြောင်းဆီ ခေါ်ဆောင်ပေးသွားနိုင်မယ်လို့ ထင်မြင်ယူဆထားတာကြောင့် အကြောင်းပြချက်တစ်ခုတည်းအတွက်နဲ့ ကျွန်တော်တို့တွေ ဒီနည်းဗျူဟာပိုင်းကို ကျင့်သုံးနေခဲ့တာပါ။
အသင်းတစ်ခုအဖြစ် အခုကျွန်တော်တု့ိရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ အခြေအနေတွေကို နားမလည်သူတွေကတော့ သူတို့ဆန္ဒရှိတဲ့အတိုင်း လုပ်ပေးစေချင်ကြပါတယ်။ အံ့သြလောက်စရာ ပြောင်းလဲသွားတဲ့ အသင်းတစ်ခုဖြစ်လာစေမယ့် အပြောင်းအလဲတစ်ခုကို ကျွန်တော် လုပ်သင့်တယ်ဆိုပြီး လူတွေ တွေးနေကြတာကို ကျွန်တော်သိပါတယ်။ ဒါပေမယ့် အခုက စိန်ခေါ်မှုများပြားတဲ့ အခြေအနေကို လက်သင့်ခံပြီး ပြောင်းလဲပေးနိုင်စရာ ဘာမှမရှိပါဘူး။
ကျွန်တော်တို့လိုချင်တဲ့အသင်းတစ်ခုဖြစ်လာဖို့အရေး တည်ဆောက်သွားဖို့ပဲ ကျွန်တော်ကတော့ ဆက်ပြီးအာရုံစိုက်သွားပါမယ်။ ယာယီအားဖြင့် စိန်ခေါ်မှုတွေပြည့်နှက်နေမယ်ဆိုတာကိုလည်း လက်ခံထားရပါလိမ့်မယ်”လို့ ပြောပါတယ်။
တော့တင်ဟမ်က လီဗာပူးနဲ့ရင်ဆိုင်ကစားရချိန်မှာ အဓိကကစားသမားအများစုကို လက်လွှတ်ထားရပြီး ယူနိုက်တက်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ရဲ့ပွဲထွက်ကစားသမားစာရင်းကို အပြောင်းအလဲမရှိ အသုံးပြုခဲ့ရပါတယ်။ ဒါက လက်ရှိအခိုက်အတန့်မှာ သူတို့အသင်းရဲ့ကျဆင်းနေတဲ့ကစားသမားစုဖွဲ့မှုပဲ ဖြစ်ပါတယ်။
တော့တင်ဟမ်က လာမယ့် Boxing Day နေ့မှာ အသင်းနည်းပြဟောင်းဆန်းတို့လက်အောက် ပုံစံကောင်းပြသကာ အမှတ်ပေးဇယားစတုတ္ထနေရာရှိ နော်တင်ဟမ်ဖောရက်စ်နဲ့ရင်ဆိုင်ဖို့ အဝေးကွင်းဆီ ခရီးထွက်ရပါလိမ့်မယ်။