
ဘိုဒိုဂလင့်နဲ့ပွဲစဉ်မှာ မက်ဒီဆင်ပါဝင်နိုင်ဖို့ မသေချာကြောင်း ပိုစတီကိုဂလူ ဝန်ခံ
တော့တင်ဟမ်နည်းပြ အန်ဂျီပိုစတီကိုဂလူက အသင်းရဲ့ကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆင်ဟာ ဒဏ်ရာပြဿနာကြောင့် ဘိုဒိုဂလင့်နဲ့ယှဉ်ပြိုင်သွားရမယ့် ယူရိုပါလိဂ် ဒုတိယအကျော့ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မသေချာကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
မက်ဒီဆင်ဟာ တော့တင်ဟမ်ရဲ့ကွင်းလယ်ပိုင်းကို မောင်းနှင်ပေးနေတဲ့ အဓိက အင်ဂျင်တစ်လုံးဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဒဏ်ရာကြောင့် တနင်္ဂနွေနေ့က ဝက်စ်ဟမ်းကို သရေကျခဲ့တဲ့ ပွဲစဉ်ကိုလည်း လွဲချော်ခဲ့ရပါတယ်။ တော့တင်ဟမ်အနေနဲ့ ပထမအကျော့မှာ ဘိုဒိုဂလင့်ကို ၃-၁ နဲ့ဂိုးပြတ်အနိုင်ရထားခဲ့ပေမယ့် မက်ဒီဆင်မပါဝင်နိုင်ပါက ဒုတိယအကျော့မှာ ပုံစံကောင်းရဖို့ ရုန်းကန်သွားရနိုင်ပါတယ်။ မက်ဒီဆင်အနေနဲ့ ဒုတိယအကျော့မှာ ပါဝင်ကစားနိုင်မယ်လို့ မျှော်လင့်ထားခဲ့ကြပေမယ့် ယခုအခါမှာ ပိုစတီကိုဂလူက အင်္ဂလန်သားရဲ့ဒဏ်ရာဟာ ထင်ထားတာထက်ပိုမိုပြင်းထန်နိုင်တယ်လို့ အသိပေးလာခဲ့တာဖြစ်ပါတယ်။
ဝက်စ်ဟမ်းကို ၁-၁ နဲ့သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ ပိုစတီကိုဂလူက "မက်ဒီဆင်ရဲ့ အခြေအနေက သိပ်မကောင်းပါဘူး။ ကျွန်တော်တို့လည်း သတင်းကိုစောင့်နေတာပါ။ စောင့်ကြည့်ရပါဦးမယ်။ မနက်ဖြန်မှာတော့ ရှင်းရှင်းလင်းလင်းသိရမှာပါ။ ဘိုဒိုဂလင့်နဲ့ပွဲမှာ ပါဝင်ကစားနိုင်မယ်လို့တော့ အာမ မခံနိုင်သေးပါဘူး" လို့ပြောကြားခဲ့ပါတယ်။
မက်ဒီဆင်အပြင် တော့တင်ဟမ်တိုက်စစ်မှူး ဆိုလန်ကီကလည်း ဘိုဒိုဂလင့်နဲ့ပွဲစဉ်မှာဒဏ်ရာရခဲ့ပြီး ဝက်စ်ဟမ်းနဲ့ပွဲစဉ်ကို လွဲချော်ခဲ့ရပါတယ်။ ဆိုလန်ကီနဲ့ပတ်သက်ပြီး ပိုစတီကိုဂလူက "သူကတော့ တိုးတက်မှုရှိလာပါတယ်။ သူ့ကို ဒီနေ့ပွဲမှာ ချန်လှပ်ခဲ့ပေမယ့် ကြာသပတေးနေ့မှာတော့ အဆင့်သင့်ဖြစ်နေမယ်လို့ ဆေးအဖွဲ့က ပြောပါတယ်။ မက်ဒီဆင်ရဲ့အခြေအနေကပဲ စိုးရိမ်ရတာပါ" လို့ပြောကြားခဲ့ပါတယ်။
မက်ဒီဆင်ဟာ ဒီရာသီ ယူရိုပါလိဂ်မှာ ၁၁ ပွဲကစား၊ သွင်းဂိုးနဲ့ ဖန်တီးမှုစုစုပေါင်း ၇ ကြိမ်အထိပြုလုပ်ထားတာကြောင့် အင်္ဂလန်သားမပါဝင်နိုင်ပါက တော့တင်ဟမ်အနေနဲ့ ဂိုးရဖို့ ရုန်းကန်သွားရနိုင်ပါတယ်။ မက်ဒီဆင်ဟာ ဘိုဒိုဂလင့်ကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာလည်း တော့တင်ဟမ်အတွက် သွင်းဂိုး ၁ ဂိုးရယူပေးနိုင်ခဲ့ပါတယ်။
၁၇ နှစ်ကြာ ဆုဖလားမိုးခေါင်မှုကို ရပ်တန့်နိုင်ဖို့ ကြိုးစားနေတဲ့ တော့တင်ဟမ်ဟာ ဒီရာသီမှာတော့ ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ အခွင့်အရေးရရှိနေပြီဖြစ်ပါတယ်။ ဗိုလ်လုပွဲသို့ ခြေတစ်ဖက်လှမ်းနေတဲ့ တော့တင်ဟမ်ဟာ တစ်ဖက်က ဘီလ်ဘာအိုကို ၀-၃ နဲ့ဂိုးပြတ်အနိုင်ရထားတဲ့ ယူနိုက်တက်နဲ့ ဖိုင်နယ်မှာ ထိပ်တိုက်တွေ့ဆုံသွားဖွယ်ရှိပါတယ်။