
အငှားကုန်ချိန်မှာလည်း တဲလ်တစ်ယောက် တော့တင်ဟမ်မှာဆက်ရှိနိုင်တယ်လို့ ပိုစတီကိုဂလူ အခိုင်အမာဆို
တော့တင်ဟမ်နည်းပြ ပိုစတီကိုဂလူက ဘိုင်ယန်အသင်းကနေ အငှားလာကစားတဲ့ တိုက်စစ်မှူး တဲလ်တစ်ယောက် အငှားစာချုပ်ကုန်ချိန်မှာလည်း အသင်းမှာဆက်နေနိုင်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ အဆိုပါအခြေအနေကြောင့် တော့တင်ဟမ်ဟာ အသက် ၁၉ နှစ်သားကို အပြီးသတ်ခေါ်ယူနိုင်ချေများနေပါတယ်။
အငှားစာချုပ်ထဲမှာ တဲလ်ကို ပေါင် ၄၅ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ပါရှိတာဖြစ်ပြီး ပိုစတီက အခုလိုမျိုး ပြောကြားလာခဲ့တာဖြစ်ပါတယ်။
“သူ(တဲလ်)တစ်ယောက် တော့တင်ဟမ်ကစားသမားဖြစ်လာမှာပါ။ သူလာမယ့် ၆ လမှာ တော့တင်ဟမ်ကစားသမားဖြစ်လာအောင် လုပ်ပြပါလိမ့်မယ်။ ကျွန်တော် ၆ လတည်းအတွက် သူ့ကိုခေါ်ယူခဲ့တာမဟုတ်ပါဘူး။ သူနဲ့ပတ်သက်ပြီး ကျွန်တော် အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ သူနဲ့တွေ့ဆုံချိန်မှာ လူပုဂ္ဂိုလ်တစ်ဦးအနေနဲ့ သူ့မှာ အများကြီးရှိနေတာတွေ ၊ သူဘာလုပ်နိုင်လဲဆိုတာတွေကို မြင်ခဲ့ရပါတယ်။ ငယ်ရွယ်တဲ့ကစားသမားဖြစ်တာကြောင့် ရုပ်ပိုင်းဆိုင်ရာအရလည်း သူ့မှာအများကြီးတိုးတက်လာနိုင်ပါသေးတယ်။
ဘွန်ဒက်စ်လီဂါမြေမှာကန်ခဲ့တာကြောင့် သူ့အနေနဲ့ ပရီးမီးယားလိဂ်မှာလည်း စိန်ခေါ်မှုအသစ်တွေကို ကိုင်တွယ်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက ဂိုးသွင်းကောင်းတဲ့ကစားသမားပါ။ သူက ပြိုင်ဘက်ကို တစ်ဦးချင်းကျော်ဖြတ်နိုင်သလို လျင်မြန်တဲ့ကစားဟန်လည်း ရှိပါတယ်။ သူ့လိုကစားသမားမျိုးကို စိတ်မဝင်စားတဲ့အသင်းမျိုးရှိတယ်ဆိုရင် ကျွန်တော် အံ့အားသင့်မိမှာပါ။
သူအသင်းအတွက် အများကြီးအကျိုးပြုနိုင်မယ့်သူဆိုတာ ကျွန်တော်သိပါတယ်။ သူ့ဆီကနေ ကျွန်တော်အများကြီးမျှော်လင့်ထားခဲ့တာပါ”လို့ ပိုစတီကိုဂလူက ပြောကြားခဲ့ပါတယ်။ သတင်းတွေအရ တဲလ်ကို ချဲလ်ဆီးအသင်းက ကြားဖြတ်လုယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ကစားသမားက တော့တင်ဟမ်ကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပိုစတီကိုဂလူကလည်း မိမိအနေနဲ့ အသက် ၁၉ နှစ်သားကို အပြောင်းအရွှေ့နောက်ဆုံးရက်မှာ အသင်းထံပြောင်းလာဖို့ စည်းရုံးခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အသက် ၁၉ နှစ်သားဟာ လီဗာပူးအသင်းကို အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလားပွဲမှာ ရစ်ချာလီဆင်အစား လူစားဝင်ကစားပြီး ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့ပါတယ်။
အဲ့နောက် လာမယ့် ဖေဖော်ဝါရီ ၉ ရက်နေ့ ဗီလာနဲ့ပွဲမှာလည်း တဲလ်တစ်ယောက် ပွဲဦးထွက်ပါဝင်လာဖွယ်ရှိနေပါတယ်။