ပိုစတီကိုဂလူရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တစ်ခုချမှတ်ထားတဲ့ တော့တင်ဟမ်အသင်း
တော့တင်ဟမ်အသင်းက နည်းပြပိုစတီကိုဂလူအပေါ် ယုံကြည်မှုတွေ ဆက်လက်ထိန်းသိမ်းထားပေမယ့် လာမယ့်ပွဲစဉ်တွေရဲ့ရလဒ်ပိုင်းဟာ သူ့ရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးသွားနိုင်လိမ့်မယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
Daily Mail သတင်းဌာနရဲ့အဆိုအရ ပိုစတီကိုဂလူကို တော့တင်ဟမ်အာဏာပိုင်တွေ ဆက်လက်ထောက်ခံပေးနေပေမယ့် လီဗာပူးနဲ့ရင်ဆိုင်ရမယ့် ကာရာဘောင်းဖလားဆီမီးဖိုင်နယ်ပွဲစဉ်ရလဒ်တွေက သြစတြေးလျသားနည်းပြရဲ့အနာဂတ်အတွက် အဓိကအချက်ဖြစ်လာလိမ့်မယ်လို့ သိရပါတယ်။
၂၀၀၈-၂၀၀၉ ဘောလုံးရာသီနောက်ပိုင်း အဆိုးဝါးဆုံးရာသီဝက်ကာလကို ဖြတ်သန်းနေရတဲ့ တော့တင်ဟမ်က ပရီးမီးယားလိဂ်နောက်ဆုံးခြောက်ပွဲမှာ တစ်ပွဲသာအနိုင်ရရှိပြီး အမှတ်ပေးဇယားအဆင့်-၁၂ နေရာမှာ ရပ်တည်နေပါတယ်။ အထူးသဖြင့် ခံစစ်ပိုင်းမှာ ဒဏ်ရာရကစားသမားတွေ များပြားနေမှုနဲ့အတူ ရလဒ်ပိုင်းတွေသာ မတိုးတက်လာဘူးဆိုရင် ပိုစတီကိုဂလူရဲ့အလုပ်က အာမခံချက်မရှိတော့ပါဘူး။
Daily Mail သတင်းဌာနကပဲ တော့တင်ဟမ်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲနဲ့ ကာရာဘောင်းဖလားပြိုင်ပွဲတွေမှာ ဆက်ရှိနေသေးလို့ ပိုစတီကိုဂလူအပေါ် ထောက်ခံမှုတွေ ဆက်လက်တည်ရှိနေတာပါလို့ ရေးသားဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ရလဒ်တွေ သိသိသာသာတိုးတက်လာဖို့ လိုအပ်နေသေးတယ်ဆိုတဲ့ အချက်တစ်ခုလည်း ရှိနေပြန်ပါတယ်။
ပိုစတီကိုဂလူရဲ့အသင်းက ဒီညမှာ အမှတ်ပေးဇယားအောက်ပိုင်းကျရောက်နေတဲ့ ဝုဗ်ကို ဧည့်ခံကစားသွားရပါမယ်။ ဇန်နဝါရီ ၈ ရက်မှာတော့ သူတို့တွေက ကာရာဘောင်ဖလားဆီမီးဖိုင်နယ်(ပ-ကျော့) အဖြစ် လီဗာပူးကို အိမ်ကွင်းမှာ ဧည့်ခံကစားရပါမယ်။