
အရေးပါတဲ့စတားတစ်ဦးလွဲချော်ခဲ့တယ်လို့ ဝန်ခံပြောကြားလာတဲ့ အန်ဆယ်လော့တီ
ပထမဆုံးကိုင်တွယ်တဲ့ပွဲမှာ အီကွေဒေါအသင်းကို သရေကျခဲ့ပြီးနောက် ဘရာဇီးနည်းပြသစ် အန်ဆယ်လော့တီက အသင်းမှာအရေးပါတဲ့စတားတစ်ဦးဖြစ်တဲ့ ရာဖင်ဟာတစ်ယောက် လွဲချော်ခဲ့တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ အန်ဆယ်လော့တီရဲ့ဘရာဇီးအသင်းဟာ အီကွေဒေါအသင်းနဲ့ပွဲမှာ သရေသာကစားနိုင်ခဲ့ပါတယ်။ အဆိုပါပွဲမှာ ပွဲကိုထိန်းချုပ်နိုင်ခဲ့သလို ဘောလုံးပိုင်ဆိုင်မှုအပိုင်းလည်း အသာစီးယူနိုင်ခဲ့ပေမယ့် အခွင့်အရေးကိုအသုံးမချနိုင်မယ့်သူမရှိခဲ့တာဖြစ်ပါတယ်။
အီတလီသားဟာ ရီးရဲလ်ကနေထွက်ခွာပြီးနောက် ဘရာဇီးအသင်းကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပထမဆုံးပွဲမှာ ရာဖင်ဟာလိုကစားသမားမျိုးမပါဝင်နိုင်ခဲ့တာကြောင့် အီကွေဒေါကို သရေသာကန်နိုင်ခဲ့ပါတယ်။ ဘရာဇီးအသင်းဟာ အီကွေဒေါနဲ့ပွဲမှာ ကန်ချက် ၃ ကြိမ်သာရခဲ့ပြီး အီကွေဒေါက ၇ ကြိမ်အထိရရှိခဲ့ကာ ရမှတ် ၂၂ မှတ်နဲ့ အဆင့် ၄ နေရာမှာသာ ဆက်လက်ရပ်တည်နေပါတယ်။ လာမယ့်ပွဲမတိုင်ခင် အန်ဆယ်လော့တီအနေနဲ့ အိမ်ကွင်းမှာ တိုက်စစ်ပိုင်းကို ပြင်ဆင်ဖို့ လိုအပ်နေပါတယ်။ ဘရာဇီးအနေနဲ့ ရစ်ချာလီဆင် ၊ ကက်စ်မဲရိုး ၊ ဗင်နီဆီးယက်စ်တို့လိုကစားသမားမျိုးတွေပါဝင်ခဲ့ပေမယ့် ရာဖင်ဟာမပါဝင်နိုင်တာကြောင့် အခုလိုဂိုးမရတာလို့ အန်ဆယ်လော့တီက ခံစားနေရပါတယ်။
“အဲ့တာက မတူညီတဲ့အလုပ်မျိုးပါ။ ကျွန်တော်တို့ အရည်အချင်းရှိတဲ့ကစားသမားတွေရှိပါတယ်။ ပြင်ဆင်ချိန်တော့ သိပ်မရခဲ့ပါဘူး။ ဒါပေမယ့် တိုးတက်အောင်လုပ်ဖို့ ကျွန်တော်တို့မှာ အရည်အချင်းရှိပါတယ်။ တိုက်စစ်ပိုင်းမှာ မကြာခင်တိုးတက်လာမယ်လို့ ကျွန်တော်တပ်အပ်ပြောရဲပါတယ်။ ဒီနေ့မှာ ရာဖင်ဟာလိုအရေးပါတဲ့ကစားသမားမျိုး လွဲချော်ခဲ့ပါတယ်။ တိုက်စစ်ပိုင်းက အနည်းငယ်လျော့နည်းခဲ့သလို အီကွေဒေါခံစစ်ကလည်း ကောင်းပါတယ်။ နေရာလွတ်ရှာဖွေဖို့ မလွယ်ကူခဲ့ပါဘူး။ ပြိုင်ဘက်ဧရိယာထဲမျာ သေချာတဲ့ကန်ချက်မျိုးမရခဲ့ပါဘူး။ ကျွန်တော်ဆင်ခြေမပေးပါဘူး။ ဒါပေမယ့် ကွင်းအခြေအနေကလည်း ကစားဖို့မလွယ်ကူပါဘူး”လို့ အန်ဆယ်လော့တီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဘရာဇီးအသင်းဟာ လာမယ့်ဇွန်လ ၁၁ ရက်နေ့မှာ ပါရာဂွေးအသင်းနဲ့ကန်ရမှာဖြစ်ပြီး ရာဖင်ဟာပြန်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။