The network connection is lost.

Banner Image

ခြေစွမ်းထက် ရလဒ်ကိုသာ အဓိကအာရုံစိုက်နေတဲ့ အန်ဆယ်လော့တီ

ဗယ်လီကာနိုကို ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ လာလီဂါပွဲစဉ်အတွင်း အသင်းရဲ့အသက်မပါလှတဲ့ စွမ်းဆောင်ရည်ပိုင်းကို ရီးရဲလ်မက်ဒရစ်နည်းပြအန်ဆယ်လော့တီက အာရုံသိပ်မရှိဘဲ ချန်ပီယံပြေးလမ်းအတွက် အဖိုးတန်ရမှတ်တွေ စုဆောင်းပြီးနောက် လုပ်ငန်းတာဝန်ပြီးမြောက်ပြီလို့ ပြောကြားခဲ့ပါတယ်။

အမ်ဘာပေ၊ ဗင်နီးစီးယက်စ်တို့ရဲ့ပထမပိုင်းသွင်းဂိုးတွေက ရီးရဲလ်မက်ဒရစ်အတွက် နိုင်ပွဲရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့အိမ်နီးချင်းမြို့ခံပြိုင်ဘက်ဗယ်လီကာနိုက ပထမပိုင်းပွဲချိန်မပြီးဆုံးခင် ပက်ဒရိုဒီယက်ဇ်ရဲ့ဗွေဆော်ဦးချေပဂိုးနဲ့အတူ အရာရာတိုင်းကို အခက်တွေ့အောင် လုပ်ဆောင်ခဲ့ပါတယ်။

အခုပွဲစဉ်နိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်က အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာရှိနေတဲ့ ဘာစီလိုနာနဲ့ ရမှတ်တူသွားခဲ့ပါတယ်။ ကတ္တလန်သားတွေကတော့ ဝမ်းနည်းစရာကိစ္စတစ်ခုနဲ့အတူ အခုသီတင်းပတ်ကုန်၊ အိုဆာဆူနာနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ကို ရွှေ့ဆိုင်းထားခဲ့ပါတယ်။အမှတ်ပေးဇယားတတိယနေရာမှာရှိနေတဲ့ အက်သလက်တီကိုမက်ဒရစ်ကတော့ ဂီတာဖေးကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ကာ ခြေချော်ခဲ့ပြီးနောက် အယ်လ်ကလက်စတီကိုအတွဲနောက် တစ်မှတ်အကွာဖြင့် ရပ်တည်နေခဲ့ပါတယ်။ ဒါက လတ်တလောနှစ်တွေအတွင်း စပိန်ထိပ်သီးကလပ်အသင်းသုံးခုအကြား ရမှတ်ကွာဟမှုအကျဉ်းမြောင်းဆုံး ချန်ပီယံပြေးလမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲအတွင်း အန်ဆယ်လော့တီက “ အဓိကရည်မှန်းချက်က နိုင်ပွဲဖြစ်လို့ ခံစားချက်တွေ ကောင်းမွန်နေပါတယ်။ ပထမပိုင်းပွဲချိန်တွေကတော့ အရမ်းကောင်းခဲ့ပါတယ်။၃-၀ သို့မဟုတ် ဒီထက်ပိုပြီးတောင် ပြတ်သားတဲ့ရလဒ်မျိုး ထွက်ပေါ်လာသင့်ပေမယ့် ကျွန်တော်တို့တွေ အခွင့်အရေးအချို့ကို အသုံးမချနိုင်ခဲ့ပါဘူး။ ပြိုင်ဘက်က ချေပဂိုးသွင်းပြီး ၂-၁ ဂိုးဖြစ်လာချိန် ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ကျွန်တော်တို့လည်း အခွင့်အရေးတွေ အများကြီးရရှိခဲ့ပေမယ့် အခြေအနေတွေ အတော်လေးရှုပ်ထွေးသွားခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် ၇၅ မိနစ်အထိ ၂-၁ ဂိုးနဲ့ ဦးဆောင်ထားနိုင်မယ်ဆိုရင် ကိုယ်လုပ်ရမယ့်အလုပ်က ပြဿနာတွေကို ရှောင်ရှားပြီး ခံစစ်ကို ကျစ်ကျစ်လစ်လစ်ကစားနေဖို့ပါပဲ။ပရိသတ်တွေက ဒီကစားပုံကို မကြိုက်ကြဘူးဆိုတာ ကျွန်တော်နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အရမ်းကိုကျပ်တည်းလှတဲ့ ပွဲစဉ်ဇယားတစ်ခုနဲ့ ရင်ဆိုင်နေရတာကိုလည်း ထည့်သွင်းတွက်ချက်ရပါမယ်။ ကျွန်တော်တို့က လာလီဂါအပြင် ချန်ပီယံလိဂ်နဲ့ ကိုပါဒယ်လ်ရေးဖလားပြိုင်ပွဲကိုလည်း ယှဉ်ပြိုင်နေရပါတယ်။ အဲ့ဒီပွဲစဉ်တွေအားလုံးအတွက် ပြင်ဆင်ရတာနဲ့ မိနစ် ၉၀ ကြာ ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်ဖို့ဆိုတာ အရမ်းခက်ခဲလှပါတယ်”လို့ ပြောပါတယ်။

လာမယ့်ဗုဒ္ဓဟူးနေ့၊ မြို့ခံပြိုင်ဘက်အက်သလက်တီကိုမက်ဒရစ်နဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ဒုတိယအကျော့ပွဲစဉ်အတွက် ဂိုးသမားကော်တိုရစ်နဲ့ နောက်ခံလူရူဒီဂါတို့ အဆင်သင့်ရှိနေဖို့ အန်ဆယ်လော့တီက မျှော်လင့်နေပါတယ်။ ဒီကစားသမားနှစ်ဦးက တနင်္ဂနွေနေ့လာလီဂါပွဲစဉ်ကို အသေးစားဒဏ်ရာပြဿနာတွေနဲ့အတူ လွဲချော်ခဲ့ပါတယ်။

အန်ဆယ်လော့တီက “ ကော်တိုရစ်မှာ အသေးစားပြဿနာတစ်ခု ရှိပါတယ်။ ဒါပေမယ့် ဗုဒ္ဓဟူးနေ့ပွဲစဉ်အတွက် သူ အဆင်ပြေပြေရှိနေလိမ့်မယ်လို့ ထင်ပါတယ်။ တုပ်ကွေးဖြစ်နေတဲ့ ရူဒီဂါလည်း အဖျားဝေဒနာသက်သာပြီး အဆင်သင့်ရှိနေဖို့ မျှော်လင့်ထားပါတယ်။အသင်းက အဆင်ပြေနေသလို ကစားသမားတွေလည်း လန်းဆန်းနေပါတယ်။ ပွဲစဉ်ဇယားအကြောင်းလည်း စဉ်းစားနေကြပါတယ်။ ဒီနေ့ပွဲစဉ်ပထမပိုင်းကစားပုံလိုမျိုး ဗုဒ္ဓဟူးညပွဲစဉ်မှာ ကစားနိုင်မယ်ဆိုရင် ပြိုင်ဘက်ကို ကျော်ဖြတ်နိုင်မယ့် အခွင့်အရေးကောင်းတစ်ခု ရရှိလာပါလိမ့်မယ်”လို့ ပြောပါတယ်။