
ဘရာဇီးအသင်းမှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ဖို့ ဗင်နီတစ်ယောက် ဖိအားများနေတယ်လို့ အန်ဆယ်လော့တီ ဝန်ခံပြောကြား
ရီးရဲလ်နည်းပြ အန်ဆယ်လော့တီက ဗင်နီတစ်ယောက် ဘရာဇီးအသင်းမှာစွမ်းဆောင်ရည်ကောင်းပြသနိုင်ဖို့ ဖိအားတွေများနေတယ်လို့ ဝန်ခံပြောကြားလိုက်ပြီး မကြာခင်မှာတော့ အောင်မြင်မယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။အန်ဆယ်လော့တီက ဗင်နီဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်တယ်လို့ ချီးကျူးလိုက်ပြီး နိုင်ငံအသင်းမှာတော့ ဖိအားတွေများနေတယ်လို့ ပြောကြားလိုက်ပါတယ်။
ဒါပေမယ့်လည်း ဗင်နီအနေနဲ့ မကြာခင်မှာ နိုင်ငံအသင်းကိုအောင်မြင်မှုတွေယူဆောင်လာပေးမယ်လို့ ထောက်ခံပြောကြားလိုက်ပါတယ်။ မာကာသတင်းဌာနနဲ့အင်တာဗျူးမှာ အန်ဆယ်လော့တီက “သူ(ဗင်နီ)က မယုံကြည်နိုင်စရာကောင်းလွန်းသလို အလုပ်လည်းကြိုးစားတဲ့ကောင်လေးပါ။ ဖိုက်တာတစ်ဦးဆိုလည်း ဟုတ်ပါတယ်။ ဘရာဇီးကစားသမားတစ်ဦးအနေနဲ့ နိုင်ငံအသင်းအတွက် ဖိအားတွေရှိနေပါတယ်။ အဲ့တာက သာမန်အခြေအနေမှာတောင် အကျိုးသက်ရောက်နေပါတယ်။ သူက ဖိအားတွေအများကြီးအောက်မှာ စွမ်းဆောင်ရည်ကောင်းပြသထားနိုင်ပါတယ်။
အမှားတွေကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကျွန်တော် သူ့ကိုနိုင်ငံအသင်းမှာ အကောင်းဆုံးဖြစ်အောင်ကူညီပေးချင်ပါတယ်။ သူက ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးပါ။ အလုပ်ကြိုးစားတဲ့ကောင်လေးဖြစ်သလို မကြာခင်မှာ သူ့ရဲ့အကောင်းဆုံးပုံစံကို မြင်နိုင်မှာပါ”လို့ အန်ဆယ်လော့တီက ဖြေကြားခဲ့ပါတယ်။
ဗင်နီဟာ ရီးရဲလ်အသင်းအတွက် ၂၀၂၄ - ၂၅ ရာသီမှာ ပြိုင်ပွဲစုံ ၂၀ ဂိုးသွင်း ၊ ၁၇ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ အေအက်စ်သတင်းတွေအရ အသက် ၂၄ နှစ်သားဟာ စာချုပ်သစ်ချုပ်ဆိုဖို့နီးစပ်နေပြီး ၅ နှစ်စာချုပ်မှာ ပေါင် ၈၄.၆ သန်းအထိရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ အန်ဆယ်လော့တီဟာ လာမယ့်ဇွန်လ ၆ ရက်နေ့မှာ ဘရာဇီးအသင်းကိုစတင်ကိုင်တွယ်မှာဖြစ်ပြီး အီကွေဒေါအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။