
အာမက်ဒီယာလို ရာသီကုန်အထိအနားယူရနိုင်ကြောင်း အသိပေးလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ဒီရာသီမှာ အထူးခြေစွမ်းပြနေတဲ့ အသင်းရဲ့တောင်ပံကစားသမား အာမက်ဒီယာလိုဟာ ခြေကျင်းဝတ်အရွတ်စုတ်ပြဲဒဏ်ရာကြောင့် ရာသီကုန်အထိအနားယူသွားရနိုင်တယ်လို့ အသိပေးပြောကြားလာခဲ့ပါတယ်။တော့တင်ဟမ်နဲ့ပွဲစဉ်မတိုင်မီမှာ အာမိုရင်က "အာမက်အနေနဲ့ ရာသီကုန်အထိအနားယူသွားရမယ်လို့ထင်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကစားသမားတွေစုပြုံပြီး ဒဏ်ရာရတတ်တဲ့ ရာသီတွေကရှိတတ်ပါတယ်။ ဒီအခြေအနေမှာ ကျွန်တော်တို့ အဖြေရှာဖို့ ကြိုးစားသွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ဒဏ်ရာနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှတစ်ဆင့် အာမက်က "ဒီစာကိုရေးနေတဲ့အချိန်မှာ ကျွန်တော် အရမ်းစိတ်ပျက်နေပါတယ်။ အရေးကြီးတဲ့အချိန်ကျမှ ဒဏ်ရာရခဲ့လို့ပါ။ ကံမကောင်းစွာပဲ ဒဏ်ရာကြောင့် ကျွန်တော် ဘေးထွက်နေရပါတော့မယ်။ ပိုကောင်းတဲ့ခြေစွမ်းမျိုးနဲ့ပြန်လာဖို့ ကြိုးစားသွားပါမယ်။ အခုတော့ ကွင်းထဲကအသင်းဖော်တွေကို ဘေးကနေပဲ အားပေးသွားရပါတော့မယ်" လို့ရေးသားခဲ့ပါတယ်။
အာမက်ဒဏ်ရာရသွားကြောင်းကို ယူနိုက်တက်ကလည်း "အာမက်တစ်ယောက် လေ့ကျင့်ရေးအစီအစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့လို့ ရက်သတ္တပတ်အချို့အနားယူသွားရပါမယ်" လို့အတည်ပြုထုတ်ပြန်ထားပါတယ်။ အာမက်ဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ခြေစွမ်းပြသထားနိုင်တဲ့ ကစားသမားအနည်းငယ်ထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး နည်းပြအာမိုရင်ရဲ့ စိတ်ကြိုက်ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ခြေစွမ်းပြနေတဲ့ အာမက်ကို ပြီးခဲ့တဲ့ဇန်နဝါရီမှာ ယူနိုက်တက်ဟာ ၅ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ပြီး ရေရှည်လက်တွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အသင်းရဲ့တောင်ပံကစားသမားတွေဖြစ်တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ကို အငှားစာချုပ်ကိုယ်စီနဲ့ အသင်းကနေ ထွက်ခွာခွင့်ပြုထားတဲ့ယူနိုက်တက်အနေနဲ့ အခုလို အာမက်ဒဏ်ရာရသွားချိန်မှာတော့ လိုအပ်နေတဲ့ ညာတောင်ပံနေရာကို ဘယ်လိုနည်းနဲ့ဖြေရှင်းသွားမလဲ စောင့်ကြည့်ရပါမယ်။