
လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်နိုင်ခဲ့လို့ ပျော်ရွှင်နေတဲ့ ဘိုင်ယန်စတား
ပြင်းထန်တဲ့အရွတ်ကြောဒဏ်ရာကနေပြန်လာနိုင်ခဲ့ပြီးနောက် လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်နိုင်ခဲ့လို့ နောက်ခံလူ အယ်လ်ဖွန်ဆိုဒေးဗီးစ်တစ်ယောက် ပျော်ရွှင်နေတယ်လို့ သိရပါတယ်။
ဒဏ်ရာအခြေအနေပြန်လည်သက်သာလာခဲ့ပြီးနောက် ဒေးဗီးစ်ဟာ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ မတ်လတုန်းက ကနေဒါအသင်းအတွက်ကစားပေးရင်း ညာဘက်ဒူးအရွတ်ကြောဒဏ်ရာရရှိခဲ့ပြီးနောက် အသက် ၂၄ နှစ်သားဟာ အနားယူနေခဲ့ရတာဖြစ်ပါတယ်။
ကနေဒါသားက အခုလိုမျိုးအသင်းနဲ့အတူ ပြန်လည်ပါဝင်လာနိုင်ခဲ့လို့ ဝမ်းသာပျော်ရွှင်မိတယ်လို့ ပြောကြားလိုက်ပါတယ်။ ဒေးဗီးစ်ဒဏ်ရာအခြေအနေကြောင့် ဘိုင်ယန်ဟာ ရုန်းကန်ခဲ့ရသလို ချန်ပီယံလိဂ်ကနေပါ ထွက်ခွာခဲ့ရပါတယ်။ ဘိုင်ယန်အသင်းဘက်က ကနေဒါအသင်းရဲ့လုပ်ရပ်အတွက် စိတ်ပျက်နေပြီး ကစားသမားအနေနဲ့ ဆီမီးဖိုင်နယ်ပွဲမှာ ပွဲချိန်ပြည့်ပါဝင်ခဲ့တာကြောင့် အသုံးမပြုဖို့ တားမြစ်ခဲ့တာဖြစ်ပါတယ်။
ဒဏ်ရာမရခင်မှာ ကနေဒါသားဟာ ဘိုင်ယန်အသင်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့သလို စာချုပ်သက်တမ်းကိုလည်း ၂၀၃၀ အထိ တိုးခဲ့တာဖြစ်ပါတယ်။ သူမပါဝင်နိုင်တော့တဲ့အချိန်မှာ ဘိုင်ယန်ဟာ ခံစစ်ပိုင်းရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ အသင်းနဲ့အတူ ပထမဆုံးလေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပြီးနောက် အသင်းမီဒီယာနဲ့အင်တာဗျူးမှာ ဒေးဗီးစ် “ကျွန်တော် ပထမဆုံးမှာတော့ အနည်းငယ်နှေးကွေးနေပါတယ်။ ဒါပေမယ့် နည်းပြက အနည်းငယ်လေးမြန်မြန်ပြေးခိုင်းပါတယ်။
ကျွန်တော် အဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။ ဒါပေမယ့် ကျွန်တော်တစ်ဆင့်ချင်းသွားရမယ်ဆိုတာ သိပါတယ်။ ကျွန်တော် အရမ်းကောင်းတယ်လို့ ခံစားရပါတယ်။ အချိန်အနည်းငယ်ယူရမှာဖြစ်ပေမယ့် အပြင်မှာပြန်လာနိုင်ခဲ့လို့ ပျော်ပါတယ်။
တစ်ရာသီကို ၅ ကီလိုမီတာထက်ပိုပြေးနိုင်ပါပြီ။ ဒဏ်ရာရပြီးနောက် လအနည်းငယ်မှာ ကျွန်တော်လမ်းပဲလျှောက်နိုင်ပါတယ်။ အခုတော့ အများကြီးလုပ်လာနိုင်ပါပြီ။
ကျွန်တော်က မြန်မြန်ပြေးရတာမျိုး ကြိုက်တဲ့သူပါ။ ကျွန်တော် စိတ်ရှည်ရမယ်ဆိုတာ သိပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
ဒေးဗီးစ်အနေနဲ့ ကြံ့ခိုင်မှုပြည့်ဝအောင်လုပ်ဆောင်ရမျာဖြစ်ပြီး နိုဝင်ဘာလောက်မှသာ ပြန်လာနိုင်ဖွယ်ရှိနေပါတယ်။
အခုချိန်မှာ ကြွက်သားဒဏ်ရာပြန်လည်ကြံ့ခိုင်အောင်လုပ်ရမှာဖြစ်ပြီး တစ်ဆင့်ချင်းတိုးတက်အောင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။
ဘိုင်ယန်အသင်းမှာ အီတို ၊ မူစီယာလာတို့လည်း ကာလရှည်နားရမှာဖြစ်ပြီး ဒေးဗီးစ်ပြန်လာနိုင်တာက သတင်းကောင်းဖြစ်လာပါတယ်။