The network connection is lost.

Banner Image

ရူဒီဂါအပေါ် လူမျိုးရေးခွဲခြားတိုက်ခိုက်မှုကို ဖီဖာ စုံစမ်းစစ်ဆေးနေတယ်လို့ အတည်ပြုလိုက်တဲ့ အလွန်ဆို

ရီးရဲလ်မက်ဒရစ်နောက်ခံလူ ရူဒီဂါက မက္ကဆီကိုကလပ်ပါချူကာကို အနိုင်ရရှိတဲ့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်အပြီး လူမျိုးရေးအရ ခွဲခြားတိုက်ခိုက်စော်ကားမှုကို ခံစားခဲ့ရတယ်လို့ ပြောပါတယ်။ ဒီပွဲစဉ်ရဲ့နာကျင်အချိန်ပိုမိနစ်မှာ ပါချူကာကပ္ပတိန်ဂူစတာဗိုကာဘရယ်လ်ရဲ့ပြစ်ဒဏ်ကျူးလွန်မှုရှိတယ်ဆိုပြီး ရူဒီဂါလဲကျသွားပြီးနောက် ကစားသမားနှစ်ဦးအကြား အငြင်းပွားမှုတွေ ရှိလာခဲ့ပါတယ်။

ဒီနောက်မှာတော့ ရူဒီဂါက ကွင်းလယ်ဒိုင် ရာမွန်အဘတ်တီအေဘယ်လ်ဆီ တိုင်ကြားလိုက်ပြီး ကွင်းလယ်ဒိုင်ကိုယ်တိုင်လည်း ရင်ဘတ်ရှေ့လက်နှစ်ချောင်း ကန့်လန့်ဖြတ်ထားကာ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးပရိုတိုကောလ် အသက်ဝင်နေတယ်လို့ အချက်ပြလာခဲ့ပါတယ်။

ဒီနေရာမှာ ကစားသမား(သို့မဟုတ်) ပရိသတ် ဘယ်သူက လူမျိုးရေးခွဲခြားတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဒီဖြစ်ရပ်အပြီး သိပ်မကြာခင်မှာပဲ ရီးရဲလ်မက်ဒရစ်က ပါချူကာကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ပွဲစဉ်ကို အဆုံးသတ်သွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြအလွန်ဆိုက “ ဒါက ရူဒီဂါကိုယ်တိုင်ပြောပြလာတာဖြစ်ပြီး ကျွန်တော်တို့ သူ့စကားကို ယုံကြည်မှုအပြည့်ရှိပါတယ်။ အခုလိုအခြေအနေမျိုးမှာ သည်းညည်းမခံလိုက်ဖို့ အလွန်အရေးကြီးပါတယ်။ အခုကိစ္စကို ဖီဖာလည်း စုံစမ်းစစ်ဆေးနေပါပြီ။ ကျွန်တော်ပြောနိုင်တဲ့အရာက ဒါပါပဲ”လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ ချဲလ်ဆီးမှာကစားချိန်တုန်းကလည်း ရူဒီဂါက ဘောလုံးလောကအတွင်း လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ရှိပေမယ့် ဘာမှမပြောင်းလဲလာပါဘူးလို့ ပြောဆိုခဲ့ပြီး အဆုံးထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကြွေးကြော်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာလည်း လူမျိုးရေးခွဲခြားတိုက်ခိုက်မှုဆန့်ကျင်ရေးသတင်းစကားတွေကို ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ပစ်ပယ်ထားမိတဲ့ ဖီဖာအပေါ် တက်ကြွလှုပ်ရှားသူတွေရဲ့ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။