The network connection is lost.

Banner Image

လာလီဂါကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့လာတဲ့ ဘာစီလိုနာ၊ ယူနိုက်တက်နဲ့ အာဆင်နယ်ကြယ်ပွင့်ဟောင်း အလက်ဆစ်ဆန်းချက်ဇ်

အလက်ဆစ် ဆန်းချက်ဇ်ဟာ ဆီဗီလာအသင်းနဲ့ တစ်နှစ်စာချုပ် ချုပ်ဆိုပြီး ၁၁ နှစ်အကြာမှာ စပိန်လာလီဂါကို ပြန်လာခဲ့ပါပြီ။ ဆန်းချက်ဇ်ရဲ့ စပိန်မှာ နောက်ဆုံးကစားခဲ့တာကတော့ ဘာစီလိုနာမှာ သုံးနှစ်ကြာ ကစားခဲ့ပြီးနောက် အာဆင်နယ်ကို ပြောင်းခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက် ယူနိုက်တက်ကို ခဏရောက်ခဲ့ပြီး အီတလီမှာ အင်တာမီလန်နဲ့ အူဒီးနီးအသင်းတို့အတွက် ကစားခဲ့ပါတယ်။

အပြောင်းအရွှေ့ဈေးကွက်ရဲ့ နောက်ဆုံးနေ့မှာတော့ ဆီဗီလာအသင်းဟာ အသက် ၃၆ နှစ်အရွယ် ချီလီလက်ရွေးစင် တိုက်စစ်မှူး ဆန်းချက်ဇ်ကို အူဒီးနီးကနေ တစ်နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့နွေရာသီက အူဒီးနီးအသင်းကို နှစ်နှစ်စာချုပ်နဲ့ ပြန်ရောက်ခဲ့ပေမယ့် တစ်ရာသီသာ နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ဆီဗီလာအသင်းကတော့ ဆန်းချက်ဇ် ရောက်ရှိလာကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့ပြီး ‘ဆီဗီလာအသင်းနဲ့ အူဒီးနီးအသင်းတို့ဟာ ချီလီတိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ဇ်ကို တစ်ရာသီအငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး ကလပ်အများအပြားမှာ ကစားခဲ့ပြီး မတူညီတဲ့ ကစားသမားဘဝပိုင်ဆိုင်ခဲ့သူ အလက်ဆစ်ဟာ သူ့ရဲ့အတွေ့အကြုံနဲ့ ဂိုးသွင်းနိုင်တဲ့ အစွမ်းတွေကို ပေးစွမ်းဖို့ ရောက်ရှိလာပါပြီ။ သူရရှိခဲ့တဲ့ ဆုဖလားတွေထဲမှာ လာလီဂါဖလား၊ ကိုပါ ဒယ်လ်ရေးဖလား၊ အက်ဖ်အေဖလား ၂ ကြိမ်၊ စီးရီးအေဖလား ၂ ကြိမ်၊ အီတလီဖလား ၂ ကြိမ်၊ ဥရောပစူပါဖလား၊ ကလပ်ကမ္ဘာ့ဖလားနဲ့ ချီလီအသင်းနဲ့အတူ ကိုပါအမေရိကဖလား ၂ ကြိမ် ပါဝင်ပြီး၊ ချီလီအသင်းအတွက် ပွဲပေါင်း ၁၆၈ ပွဲ ကစားထားသူလည်း ဖြစ်ပါတယ်’လို့ ဖော်ပြထားပါတယ်။

ဆယ်စုနှစ် နှစ်ခုကြာ ကစားသမားဘဝမှာ ဆန်းချက်ဇ်ဟာ ဥရောပနိုင်ငံ ၃ ခုမှာ ဖလားများစွာ ရရှိခဲ့ပြီး ကစားသမားဘဝတစ်လျှောက်လုံးမှာ ၁၆၅ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒိုဒီ လူကီဘာကီယိုကို ယူရို သန်း ၃၀ (ပေါင် ၂၆ သန်း) နဲ့ ဘင်ဖီကာကို ရောင်းချခဲ့ပြီးနောက် အပြောင်းအရွှေ့ရဲ့ နောက်ဆုံးနေ့မှာ ဆီဗီလာအသင်းက ချီလီလက်ရွေးစင်ကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ဆန်းချက်ဇ်ဟာ လာလီဂါပွဲစဉ်ဖြစ်တဲ့ အယ်လ်ချီအသင်းနဲ့ပွဲစဉ်မှာ ဆီဗီလာအတွက် ပွဲဦးထွက်ပွဲ ကစားနိုင်ဖွယ်ရှိနေပါတယ်။ ဆီဗီလာအသင်းဟာ ရာသီသစ်ရဲ့ ပထမဆုံး ၃ ပွဲမှာ ၂ ပွဲရှုံး၊ ၁ ပွဲသာ အနိုင်ရရှိထားပြီး အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။