The network connection is lost.

Banner Image

အာနိုးလ်ရဲ့လမ်းခွဲက နှစ်ဦးနှစ်ဖက်အတွက် ဝမ်းနည်းစရာကိစ္စပါလို့ ဆိုလိုက်တဲ့ အန်းစလော့

ယမန်နေ့ညပိုင်း၊ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံပြီးနောက် လီဗာပူးမှထွက်ခွာသွားတော့မယ့် အာနိုးလ်နဲ့ပတ်သက်ပြီး ဝမ်းနည်းမိတယ်လို့ အန်းစလော့က ပြောပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ တစ်ဖက်တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်ရဲ့ ပထမပိုင်းပွဲချိန်အပြီး အာနိုးလ်က လူစားဝင်ကစားကာ အန်ဖီးလ်ကွင်းဆီ နှုတ်ဆက်သွားခဲ့ပါတယ်။

သတင်းတွေအရ ရီးရဲလ်မက်ဒရစ်ဆီ အင်္ဂလန်လက်ရွေးစင်ညာအစွန်နောက်ခံလူပြောင်းရွှေ့မယ်လို့ သိရပြီး သူ့ရဲ့ထွက်ခွာမှုနဲ့ပတ်သက်လို့ လီဗာပူးပရိသတ်တွေအကြား ခံစားချက်တွေ ရောထွေးသွားခဲ့ပါတယ်။ ဒါပေမယ့် ရာသီပိတ်ပွဲစဉ်အတွင်း အာနိုးလ်ပါဝင်ကစားချိန် အန်ဖီးလ်ကွင်းပရိတ်သတ်ကြီးရဲ့ ပိုမိုအပေါင်းလက္ခဏာဆောင်တဲ့ တုံ့ပြန်မှုကို မြင်တွေ့ခဲ့ရပါတယ်။ အန်းစလော့ကိုယ်တိုင်ကလည်း လီဗာပူးပရိသတ်တွေနဲ့ အာနိုးလ်တို့ အပြန်အလှန်အမှတ်ရနေကြလိမ့်မယ်လို့ သုံးသပ်ပါတယ်။

Sky Sports နဲ့တွေ့ဆုံချိန် အန်းစလော့က “ ကြီးကျယ်ခမ်းနားလှတဲ့ကလပ်အသင်းတစ်ခုမှ ထွက်ခွာသွားတော့မယ်ဆိုတာကို အာနိုးလ်ကိုယ်တိုင်သိပါတယ်။ ဒါကို သူလည်း ခံစားမိပါတယ်။ သူက ဒီကလပ်အသင်းမှာ နှစ် ၂၀ လောက် ရှိခဲ့ဖူးပါတယ်။ ဒီအသင်းမှာရှိနေတဲ့ အသင်းဖော်တွေ၊ ဝန်ထမ်းတွေ အကုန်လုံးကို သူသိပါတယ်။ နှစ်အနည်းငယ်လောက်ကစားခဲ့ဖူးတဲ့ ကလပ်အသင်းမှ ထွက်ခွာမယ်ဆိုရင်တောင် အဲ့ဒီကလပ်အသင်းကို အမှတ်ရနေမယ်ဆိုတာ သာမန်အခြေအနေမျိုးပါပဲ။ လီဗာပူးနဲ့အတူ နှစ် ၂၀ လောက် ဖြတ်သန်းခဲ့ဖူးသူအတွက်ဆိုရင်တော့ ပြောနေဖို့တောင် မလိုအပ်တော့ပါဘူး။

ပရိသတ်တွေကိုယ်တိုင်ကလည်း အာနိုးလ်ကို ကောင်းမွန်တဲ့တုံ့ပြန်မှု ပြသခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့မှာ နောက်တစ်ကြိမ်ပြသသွားတဲ့ သူ့ရဲ့အရည်အသွေးတွေကြောင့်ပဲ သူ့ရဲ့ထွက်ခွာမှုဟာ ဝမ်းနည်းစရာကိစ္စတစ်ခု ဖြစ်လာပါတယ်”လို့ ဆိုပါတယ်။

အာနိုးလ်က လီဗာပူးအသင်းရဲ့ငယ်မွေးခြံပေါက်ကစားသမားဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၃၅၄ ပွဲ ပါဝင်ကစားကာ ၂၃ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၈၆ ကြိမ် စွမ်းဆောင်ခဲ့ပါတယ်။ ဒါကြောင့် အသင်းအတွက် လက်ကျန်ကာလတွေမှာ အာနိုးလ်အတွက် ကောင်းမွန်တဲ့နှုတ်ဆက်မှုတစ်ခု ရှိသင့်တယ်လို့ အန်းစလော့ ခံစားမိပါတယ်။

အန်းစလော့က “ အာနိုးလ်အတွက် ပွဲကစားချိန်အချို့ပေးသွားဖို့ အစီအစဉ် အမြဲတမ်းရှိခဲ့ပါတယ်။ ဒီတစ်ကြိမ်ကတော့ သူ ပါဝင်ကစားပြီး ပွဲအပေါ် အကျိုးသက်ရောက်မှုပြသဖို့ အခိုက်အတန့်ကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ဘရက်ဒလေလည်း အရမ်းကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်၊ အသင်းဖော်တွေအတွက်၊ ပရိသတ်တွေအတွက် လုပ်ပေးခဲ့တဲ့အရာတွေကြောင့် အာနိုးလ်ကိုယ်တိုင်လည်း ကွင်းတွင်းမှာရှိနေဖို့ ထိုက်တန်ပါတယ်။ အာနိုးလ်က အန်ဖီးလ်မှာ နောက်ဆုံးတစ်ကြိမ်ရှိနေဖို့ ထိုက်တန်ခဲ့ပါတယ်”လို့ ဆက်ပြောပါတယ်။