
မန်စီးတီးသာ ရီးရဲလ်မက်ဒရစ်ကိုရှုံးရင် လိင်အင်္ဂါကိုဖြတ်ပစ်မယ်လို့ လောင်းကြေးထပ်ခဲ့တဲ့ အဂူရို
မန်ချက်စတာစီးတီးဂန္ထဝင်တိုက်စစ်မှူးဟောင်း ဆာဂျီယိုအဂူရိုဟာ ယနေ့နံနက်က မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပလေးအော့ဖ်ပွဲစဉ်မတိုင်မီမှာ သူ့ရဲ့အသင်းဟောင်းသာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် လိင်အင်္ဂါကိုဖြတ်ပစ်မယ်လို့ လောင်းကြေးထပ်ပြောကြားခဲ့ပါတယ်။
အင်္ဂလန်မြေ အိမ်ကွင်းအီတီဟတ်မှာ ကစားခဲ့ရတဲ့ ပထမအကျော့ပွဲစဉ်မှာ မန်စီးတီးဟာ လက်ရှိချန်ပီယံကို ဧည့်ခံကစားခဲ့ရပြီး ၂-၃ ဆိုတဲ့ရလဒ်နဲ့ ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ မန်စီးတီးအတွက်ဦးဆောင်ဂိုးကို ပထမပိုင်းမှာ အာလင်းဟာလန်းက စတင်သွင်းယူပေးခဲ့ပေမယ့် ခီလီယန်အမ်ဘာပေက ရီးရဲလ်မက်ဒရစ်အတွက် ပြန်လည်ချေပခဲ့ပါတယ်။
ဒုတိယပိုင်း ၈၀ မိနစ်မှာ ဟာလန်းကပဲ ပင်နယ်တီမှတစ်ဆင့် မန်စီးတီးအတွက် ဒုတိယဦးဆောင်ဂိုးသွင်းယူပေးခဲ့ပေမယ့် ဘရာဟင်မ်ဒီယက်ဇ်နဲ့ ဂျူဒ်ဘယ်လင်ဟမ်တို့က ရီးရဲလ်အတွက် ချေပဂိုးနဲ့အနိုင်ဂိုးတွေထပ်မံသွင်းယူခဲ့ကြတာကြောင့် ပက်ဂွါဒီယိုလာရဲ့အသင်းဟာ အိမ်ကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
ယခုပွဲစဉ်မတိုင်မီမှာ အဂူရိုက “ရီးရဲလ်မက်ဒရစ်က မန်စီးတီးကိုမနိုင်ပါဘူး။ သူတို့သာ မန်စီးတီးကိုနိုင်ရင် ကျွန်တော့်လိင်အင်္ဂါကို ကျွန်တော်ကိုယ်တိုင်ဖြတ်ပစ်မယ်” လို့ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အာဂျင်တီးနားကြယ်ပွင့်ဟောင်းဟာ မန်စီးတီးဘက်ကနေ ဒေါ်လာ ၁ သောင်းကိုလည်း လောင်းကြေးတင်ခဲ့သေးတယ်လို့သိရပါတယ်။
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီကတော့ ပွဲအပြီးမှာ မန်စီးတီးကစားသမားတွေဟာ နုံနုံအအတွေဖြစ်တယ်လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။ ရွန်းနီက “မန်စီးတီးက တော်တော်နုံချာတဲ့အသင်းပါ။ အထူးသဖြင့် ဒီပွဲရဲ့နောက်ဆုံးပွဲချိန်တွေမှာ ပိုဆိုးပါတယ်။ ကစားသမားတွေက တစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုရှိမနေပါဘူး။ ဒါက ဂွါဒီယိုလာအတွက် စိုးရိမ်စရာပါပဲ” လို့ပြောကြားခဲ့ပါတယ်။
ယခုရှုံးပွဲကြောင့် မန်စီးတီးဟာ လာမယ့်ဒုတိယအကျော့ပွဲစဉ်မှာတော့ ရှုံးထွက် ၁၆ သင်းအဆင့်ကိုတက်ရောက်နိုင်ဖို့ ရီးရဲလ်မက်ဒရစ်ကို ဘာနေဗျူးမှာ မဖြစ်မနေအနိုင်ယူသွားရတော့မှာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မတိုင်မီမှာ မန်စီးတီးဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး ဒီတစ်ခေါက်မှာတော့ အဂူရိုအနေနဲ့ ဘာကိုလောင်းကြေးထပ်သွားဦးမလဲ ဆက်လက်စောင့်ကြည့်ရပါမယ်။