အန်းဖီးလ်မှာ ၁၄ နှစ်ကြာ နိုင်ပွဲပျောက်ဆုံးမှုကို အဆုံးသတ်ပြီးနောက် အာဆင်နယ်ရဲ့ သမိုင်းဝင်အခိုက်အတန့်အပေါ် အာတီတာ ချီးကျူးဂုဏ်ပြု
လီဗာပူးအိမ်ကွင်းမှာ ပရီးမီးယားလိဂ်နိုင်ပွဲရရှိဖို့ ၁၄ နှစ်တိုင်တိုင်စောင့်ဆိုင်းခဲ့ရမှုကို အဆုံးသတ်ခဲ့ပြီးနောက် အာဆင်နယ်အတွက် ဂုဏ်ယူမိတယ်လို့ အာတီတာက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အန်ဖီးလ်မှာ ဂန်းနားတို့အတွက် တစ်လုံးတည်းသောအဖိုးတန်အနိုင်ဂိုးကို ကိုင်ဟားဗက်ဇ်က သွင်းယူပေးခဲ့ပါတယ်။ ဒီနိုင်ပွဲနဲ့အတူ အာဆင်နယ်က အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
အခုပွဲစဉ်ရဲ့ဒုတိယပိုင်းပွဲချိန်အတွင်း လီဗာပူးရဲ့ပြင်းပြင်းထန်ထန်ဖိအားပေးမှုတွေကို ကြံ့ကြံခံခဲ့ပြီး အမှတ်ရစရာ ရလဒ်ကောင်းတစ်ခု ဖော်ဆောင်ဖို့အတွက် သူ့ရဲ့ကစားသမားတွေ ပြသခဲ့တဲ့ စိတ်ဓါတ်ပိုင်းနဲ့ ဇွဲနဘဲကြီးမှုတို့အပေါ် အာတီတာက ချီးကျူးခဲ့ပါတယ်။
ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့၊ ဖလက်ဝုဒ်တောင်းနဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ စိတ်ပျက်စရာရလဒ် ထွက်ပေါ်လာပြီးနောက် ကစားသမားတွေရဲ့တုံ့ပြန်ပုံနဲ့ပတ်သက်လို့ စပိန်လူမျိုးနည်းပြက ပြန်ပြောင်းသုံးသပ်ခဲ့ပြီး အနိုင်ရလိုတဲ့အသင်းတစ်ခုရဲ့စိတ်ဓါတ်ပိုင်းကို သူ့ရဲ့အသင်း အတိအကျပြသနိုင်ခဲ့တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် အာဆင်နယ်က စနေနေ့အစောပိုင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တဲ့ မန်စီးတီးအပေါ် သုံးမှတ်ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်လိုက်ပါတယ်။
အာတီတာက "အရမ်းဂုဏ်ယူမိပါတယ်။ ၁၄ နှစ်ဆိုတာ တကယ်ကိုကြာမြင့်တဲ့ အချိန်ကာလတစ်ခုပါ။ ဒီနေ့မှာ ကလပ်အသင်းနဲ့သက်ဆိုင်သူတိုင်းကို ကျွန်တော်တို့ အလွန်ဂုဏ်ယူအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်" လို့ Sky Sports ဆီ ပြောပါတယ်။
"နိုင်ပွဲတစ်ခုတည်းအတွက်တင်မဟုတ်ဘဲ ကျွန်တော်တို့လုပ်ပြခဲ့တဲ့ ပုံစံနဲ့ ကျွန်တော်တို့ ပြသခဲ့တဲ့ စိတ်ဓာတ်ပိုင်းအတွက်ပါ ဂုဏ်ယူမိပါတယ်။ အထူးသဖြင့် အနိုင်ရရှိသင့်တဲ့ အသင်းတစ်ခုကို ရှုံးနိမ့်ပြီး ဖလားပြိုင်ပွဲမှထွက်ခွာခဲ့ရတဲ့ လွန်ခဲ့တဲ့လေးရက်အဖြစ်အပျက်ကို ထည့်သွင်းတွက်ချက်ကြည့်မယ်ဆိုရင်ပေါ့။ ဒါက ဒီအားကစားနည်းရဲ့ ထူးခြားဆန်းကြယ်တဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ခင်ဗျားကို တကယ်ကိုဆိုးရွားတဲ့နေရာတွေဆီ ခေါ်ဆောင်သွားနိုင်ပေမဲ့ လေးရက်အကြာမှာပဲ တကယ်ကို သမိုင်းဝင်မယ့် အရာတစ်ခုကို လုပ်ပြဖို့ အခွင့်အရေး ရရှိလာပြန်ပါတယ်။ ကျွန်တော်တို့ အဲဒါကို လုပ်ပြနိုင်ခဲ့ပါတယ်"
"ပွဲက တခြားဦးတည်ချက်တစ်ခုဆီ မြန်မြန်ဆန်ဆန် ပြောင်းလဲသွားနိုင်ပါတယ်။ သူတို့ တိုက်စစ်ဆင်တဲ့ပုံစံနဲ့အတူ အလွန်ဆိုးရွားတဲ့ ရှင်းထုတ်မှုတစ်ခု သို့မဟုတ် မှားယွင်းတဲ့ လက်ပစ်ဘောတစ်ခုမှတဆင့် ပြန်လည်တိုက်စစ်ဆင်မှုတွေကို သူတို့ လုပ်နိုင်ပါတယ်။ ဒါက သူတို့မှာရှိတဲ့ အရည်အသွေးပါပဲ။ ကိုယ့်ရဲ့ဂိုးဧရိယာဆီ ကစားသမားလေးငါးဦးလောက် ပြေးဝင်လာတာကို မီတာ ၆၀ လောက် အကွာအဝေးမှ ကာကွယ်ဖို့အတွက် ချက်ချင်းတုံ့ပြန်နိုင်အောင် ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားရပါမယ်။ ဒါကို ကျွန်တော်တို့ ဆွေးနွေးခဲ့ကြသလို အဲ့ဒီလိုလှုပ်ရှားနိုင်ဖို့အတွက်လည်း အစွမ်းကုန်ပေးဆပ်ခဲ့ကြပါတယ်။ တခါတလေ ပိုကောင်းတဲ့အရည်အသွေးနဲ့ လုပ်နိုင်ခဲ့သလို တခါတလေ အရည်အသွေးပိုင်း အနည်းငယ်လိုအပ်ခဲ့ပြီး မိမိကိုယ်ကိုယ် အခက်တွေ့အောင် ဖန်တီးမိတာတွေလည်း ရှိခဲ့ပါတယ်"
"ဒါပေမဲ့ ဒီနေ့မှာ အဆုံးမသတ်နိုင်ခဲ့တဲ့ အခြေအနေတွေနဲ့ အခွင့်အရေးတွေ ရှိခဲ့တာတောင်မှ ကစားသမားတွေကို အသိအမှတ်ပြု ချီးကျူးရမယ်လို့ ထင်ပါတယ်။ ခြုံပြီးပြောရရင် သူတို့ကစားနေတဲ့ပုံစံအတိုင်း ကစားနေတဲ့ အသင်းတစ်ခုကို အနိုင်ယူဖို့နဲ့ ဖလက်ဝုဒ်တောင်းပွဲစဉ်အပြီး စိတ်ခံစားချက်အခြေအနေမှ ပြန်ရုန်းထကာ အနိုင်ရအောင် လုပ်ပြနိုင်ဖို့ဆိုတာ အနိုင်ရလိုစိတ်ရှိတဲ့အသင်းတစ်ခု လုပ်ဆောင်သွားရမယ့် အရာပါပဲ"
"ကျွန်တော် အလွန်ဂုဏ်ယူမိပါတယ်၊ ဒါက ခင်ဗျားကိုယ်တိုင် ပြီးမြောက်အောင်မြင်ချင်တဲ့ အရာတစ်ခု ဖြစ်ပါလိမ့်မယ်၊ ခင်ဗျားကိုယ်တိုင် အောင်မြင်အောင် လုပ်ဆောင်ချင်တဲ့ စိန်ခေါ်မှုနဲ့ ရည်မှန်းချက်ပါပဲ။ နှစ်ပေါင်းများစွာ မလုပ်နိုင်ခဲ့တဲ့ အရာတစ်ခုခုကို လုပ်ပြနိုင်ချိန် ကျွန်တော် အလွန်သဘောကျပါတယ်။ ချဲလ်ဆီးနဲ့ အဝေးကွင်းပွဲစဉ်၊ မန်ချက်စတာယူနိုက်တက်နဲ့အဝေးကွင်းပွဲစဉ်တွေလည်း ဒီအတိုင်းပါပဲ။ အဲ့ဒီအသင်းတွေအားလုံးကို အနိုင်ယူဖို့ဆိုတာ ရည်ရွယ်ချက်တစ်ခုဖြစ်သလို စိတ်ဓါတ်ခွန်အားတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘာကြောင့် ဒါတွေကိုလုပ်ဆောင်နေကြသလဲဆိုတဲ့ အကြောင်းအရင်းလည်း ဖြစ်နေပြန်ပါတယ်" လို့ ဆိုပါတယ်။