မိုနာကိုကွင်းလယ်လူကာမာရာကို ခေါ်ယူဖို့ လက်လျှော့လိုက်ပြီးနောက် ပရီးမီးယားလိဂ်ကြယ်ပွင့်နှစ်ဦးဆီ မြှားဦးလှည့်လာတဲ့ ချဲလ်ဆီး
မိုနာကိုရဲ့ ကာမာရာကိုခေါ်ယူမယ့် အစီအစဉ် လက်လျှော့လိုက်ပြီးနောက် ချဲလ်ဆီးက ကွင်းလယ်ပိုင်းပြဿနာတွေကို ဖြေရှင်းဖို့အတွက် ပရီးမီးယားလိဂ်ကြယ်ပွင့်နှစ်ဦးကို ပစ်မှတ်ထားစောင့်ကြည်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
ပြီးခဲ့တဲ့အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးရက်မှာ အသက် ၂၂ နှစ်အရွယ် ကာမာရာကို ခေါ်ယူဖို့အတွက် ချဲလ်ဆီးတို့ အလွန်နီးစပ်ခဲ့ပေမဲ့ လီဂူးဝမ်းကလပ်အသင်း မိုနာကိုက နောက်ဆုံးမိနစ်မှာ သဘောတူညီချက်မှ နုတ်ထွက်သွားခဲ့ပါတယ်။
ငွေကြေးရရှိဖို့အတွက် ဘာလိုဂန်ကို အဲဗာတန်ဆီ ရောင်းချဖို့ မိုနာကိုအသင်း ပိုမိုလိုလားခဲ့ပေမဲ့ အမေရိကန်လက်ရွေးစင်တိုက်စစ်မှူးကတော့ မာဆေးဆိုဒ်ဆီ ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့ပါတယ်။
CaughtOffside ရဲ့ဖော်ပြချက်အရ အလွန်ဆိုရဲ့ချဲလ်ဆီးအသင်းက မိုနာကိုကစားသမားအတွက် အပြောင်းအရွှေ့အစီအစဉ်ကို စွန့်လွှတ်ကာ ပရီးမီးယားလိဂ်ကြယ်ပွင့်နှစ်ဦးဆီ မျက်စိကျနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ဘုန်းမောက်ရဲ့ အသက် ၂၃ နှစ်အရွယ် စကော့နဲ့ ခရစ္စတယ်ပဲလေ့စ်ရဲ့ အသက် ၂၂ နှစ်အရွယ် ဝါတန်တို့က ချဲလ်ဆီးရဲ့ပစ်မှတ်တွေ ဖြစ်လာပါတယ်။
နွေရာသီကတည်းက စကော့ကိုခေါ်ယူဖို့ ချဲလ်ဆီးတို့ စိတ်အားထက်သန်ခဲ့ပေမဲ့ ဘုန်းမောက်ဘက်ကတော့ လာမယ့်နွေရာသီမတိုင်ခင်အထိ သူ့ကို ရောင်းချသွားဖို့အစီအစဉ် မရှိဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။
စကော့ရဲ့လက်ရှိစာချုပ်သက်တမ်းက ၂၀၂၈ ခုနှစ်မှာ ကုန်ဆုံးဖို့ရှိနေပြီး မကြာသေးမီကပဲ ကလပ်အသင်းရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းပယ်ထားခဲ့ပြန်ပါတယ်။