ဖလော်ရီယန်ဝစ်ဇ်ကို ပွဲထွက်လူစာရင်းမှ ဖယ်ရှားသွားဖို့ နည်းပြအီရာအိုလာဆီ တိုက်တွန်းလိုက်တဲ့ ကာရေဂါ
လီဗာပူးဂန္ထဝင်ကာရေဂါက ဖလော်ရီယန်ဝစ်ဇ်ကို ပွဲထွက်လူစာရင်းမှ ချန်လှပ်ထားဖို့အတွက် နည်းပြအီရာအိုလာဆီ တိုက်တွန်းလိုက်ပါတယ်။
အသက် ၂၃ နှစ်အရွယ်ကစားသမားက ၂၀၂၅ ခုနှစ်၊ နွေရာသီကာလအတွင်း ပေါင် ၁၁၆ သန်းဆိုတဲ့ မယုံကြည်နိုင်စရာပြောင်းရွှေ့ကြေးပမာဏဖြင့် လီဗာပူးဆီ ရောက်ရှိလာခဲ့ပြီး မာဆေးဆိုဒ်မှာ ပြိုင်ပွဲစုံ ၅၅ ပွဲကစား၊ ခုနစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
ဂျာမနီလက်ရွေးစင်ကစားသမားက နော်တင်ဟမ်ဖောရက်စ်နဲ့ တစ်ဖက်နှစ်ဂိုးစီ သရေကျတဲ့ပွဲစဉ်မှာ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ခဲ့ပြီး အခုဘောလုံးရာသီသစ်အတွက် ဂိုးသွင်းယူနိုင်ခြင်း မရှိသေးပါဘူး။
ယမန်နေ့(တနင်္ဂနွေနေ့)၊ ဘုန်းမောက်ကို ၀-၁ ဂိုးဖြင့် ပွတ်ကာသီကာအနိုင်ယူခဲ့တဲ့ ပွဲစဉ်မှာလည်း ဖလော်ရီယန်ဝစ်ဇ်က ကွင်းတွင်းခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
ကာရေဂါကတော့ စွမ်းဆောင်ရည်ပိုင်းကျဆင်းနေတဲ့ ဖလော်ရီယန်ဝစ်ဇ်ကို ပွဲထွက်ကစားသမား ၁၁ ဦးစာရင်းမှ ချန်လှပ်ထားဖို့အတွက် အီရာအိုလာဆီ တောင်းဆိုလိုက်ပါတယ်။
လီဗာပူးနောက်ခံလူဟောင်းက "ဒါက ကျွန်တော့်အတွက်တော့ လီဗာပူးဂျာစီနဲ့မြင်တွေ့ခဲ့ဖူးသမျှပွဲစဉ်တွေအနက် ဖလော်ရီယန်ဝစ်ဇ်ရဲ့အညံ့ဖျင်းဆုံးပွဲစဉ်တစ်ခု ဖြစ်ပါတယ်" လို့ ပြောပါတယ်။
"သူ့ဆီမှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ကိန်းဂဏန်းအချက်အလက်တွေ မရှိတာကို ကျွန်တော် အမြဲဝေဖန်ခဲ့ပါတယ်။ ဒါပေမဲ့ ပုံမှန်အားဖြင့် ဖလော်ရီယန်ဝစ်ဇ်ကို ကြည့်လိုက်ရင် ဘောလုံးကို သေသေသပ်သပ်ထိန်းသိမ်းကစားနိုင်တယ်၊ သဘောကျစရာအချက်တွေ ရှိပါတယ်"
"ဘောလုံးဆုံးရှုံးသွားတော့မယ်လို့ ထင်ရတဲ့ အကျဉ်းအကျပ်အခြေအနေတွေမှာတောင် သူ ရုန်းထွက်ပြတတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်စိုးရိမ်နေတဲ့အချက်လည်း ရှိပါတယ်။ လီဗာပူးဆီရောက်ရှိလာပြီးနောက် ဖလော်ရီယန်ဝစ်ဇ်ရဲ့ခြေစွမ်း မကျဆင်းသွားဘူးလို့ ထင်ပါတယ်"
"တကယ်တော့ အခု ကျွန်တော်တို့ မြင်တွေ့နေရတာက သူ့ရဲ့အဆင့်အတန်းအစစ်အမှန်ပဲ ဖြစ်လိမ့်မယ်လို့ ထင်မိပါတယ်။ လွန်ခဲ့တဲ့ ၁၂ လလောက်ကတည်းက ဖလော်ရီယန်ဝစ်ဇ်အတွက် ကျွန်တော် စိုးရိမ်ခဲ့တာပါ။ အဲဒီတုန်းက ဒါကို ထုတ်ပြောဖို့ စောလွန်းနေသေးတာကြောင့် ထုတ်မပြောခဲ့ပေမဲ့ ခေါင်းထဲမှာတော့ အမြဲရှိနေခဲ့ပါတယ်"လို့ ဆက်ပြောပါတယ်။
ဆက်လက်ပြီး ကာရေဂါက ခြေစွမ်းပြနေတဲ့ အခြားကြယ်ပွင့်ကစားသမားတွေကို သူတို့ရဲ့ ပုံမှန်နေရာမှာ မကစားစေဘဲ ဖလော်ရီယန်ဝစ်ဇ်ကို ပွဲထွက်လူစာရင်းမှာ ထည့်သွင်းနေမှုဟာ လုံး၀မထိုက်တန်ဘူးလို့ ထောက်ပြခဲ့ပါတယ်။
"အခုအချိန်မှာ ဖလော်ရီယန်ဝစ်ဇ်အတွက် စိုးရိမ်စရာအချက်ကတော့ အခုအချိန်အထိ သူ့ရဲ့စွမ်းဆောင်ရည်တွေ သို့မဟုတ် လီဗာပူးအတွက် သူပေးစွမ်းခဲ့တဲ့ အရာအားလုံး အလွန်နိမ့်ပါးလွန်းနေတဲ့ အချက်ပါပဲ" လို့ ကာရေဂါက ထပ်လောင်းပြောကြားခဲ့ပါတယ်။
"သူ့ဆီမှ ကျွန်တော်တို့မျှော်လင့်ထားတဲ့အရာက လီဗာပူးကို နောက်ထပ်လိဂ်ချန်ပီယံဆုရရှိအောင်၊ ချန်ပီယံလိဂ်ဖလားရရှိအောင် ဦးဆောင်ပေးဖို့ပါပဲ။ လူတွေမျှော်လင့်ထားတဲ့အရာနဲ့ ထိုက်တန်ဖို့အတွက် သူလျှောက်လှမ်းရမယ့် အကွာအဝေးက အလွန်ကြီးမားလွန်းလို့ အဲ့ဒီအဆင့်ဆီ သူမရောက်နိုင်ဘူးလို့တောင် ထင်မိပါတယ်"
"ရှေ့ဆက်သွားဖို့အတွက် ဒီနေရာမှာ အီရာအိုလာကိုယ်တိုင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရပါလိမ့်မယ်။ ကျွန်တော့်ရဲ့လီဗာပူးအသင်းသာဆိုရင် ဖလော်ရီယန်ဝစ်ဇ် မပါဝင်တော့ပါဘူး" လို့ ဆိုပါတယ်။