The network connection is lost.

Banner Image

လီဗာပူးကြယ်ပွင့်ဖလော်ရီယန်ဝစ်ဇ်အပေါ် လတ်တလောဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်လာတဲ့ အီရာအိုလာ

လီဗာပူးနည်းပြအီရာအိုလာက ဖလော်ရီယန်ဝစ်ဇ်အပေါ် မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်ခဲ့ပြီး ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ကွင်းလယ်ဖန်တီးရှင်နဲ့ပတ်သက်လို့ အလွန်အားရကျေနပ်မိတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
 
အသက် ၂၃ နှစ်အရွယ်ကစားသမားက ၂၀၂၅ ခုနှစ်၊ နွေရာသီကာလအတွင်း လေဗာကူဆင်မှ ပြောင်းရွှေ့ကြေးပေါင် ၁၁၆ သန်းဖြင့် လီဗာပူးဆီ ရောက်ရှိလာခဲ့ပေမဲ့ လက်ရှိအချိန်အထိတော့ သူ့ရဲ့ပြောင်းရွှေ့ကြေးတန်ဖိုးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး မပြသနိုင်သေးပါဘူး။
 
ဂျာမနီလက်ရွေးစင်ကစားသမားက အခုဘောလုံးရာသီ၊ နော်တင်ဟမ်ဖောရက်စ်နဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာသာ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး နောက်ပိုင်းပွဲစဉ်တွေမှာ ဂိုးပါဝင်ပတ်သက်မှု မရှိခဲ့ပါဘူး။
 
ဒါကြောင့် သူက ဘောလုံးသုံးသပ်သူတွေနဲ့ ပရိသတ်တွေရဲ့ အပြင်းအထန်ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရပေမဲ့ အီရာအိုလာကတော့ ဒီလိုဝေဖန်သံတွေကို လုံး၀လက်မခံခဲ့ပါဘူး။
 
လာမယ့်တနင်္ဂနွေနေ့၊ ဘုန်းမောက်နဲ့ပွဲစဉ်မတိုင်ခင်မှာ အီရာအိုလာက " ဖလော်ရီယန်ဝစ်ဇ် ကောင်းကောင်းကစားနိုင်တာပဲဖြစ်ဖြစ်၊ မကစားနိုင်တာပဲဖြစ်ဖြစ် သူ့ကိုလည်း တခြားသူတွေလိုပဲ တန်းတူ သတ်မှတ်ဆုံးဖြတ်သင့်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
 
"အများအားဖြင့်တော့ ကွင်းထဲမှာရှိနေချိန် အသင်းလိုက် ဘယ်လိုကစားသလဲဆိုတာကိုပဲ ကျွန်တော် အမြဲတမ်းကြည့်လေ့ ရှိပါတယ်။ ဖလော်ရီယန်ဝစ်ဇ်နဲ့ပတ်သက်ပြီး ကျွန်တော် အလွန်ကျေနပ်သလို သူ့ကိုလည်း အများကြီးမျှော်လင့်ထားပါတယ်။ သူ့ဆီမှ ကျွန်တော်တို့ ဘာလိုချင်သလဲဆိုတာကို သူ ကောင်းကောင်းနားလည်ထားပါတယ်"
 
"သူက ပွဲစဉ်ရဲ့ကဏ္ဍတိုင်းမှာ အသင်းကို ကူညီပေးနိုင်ဖို့ ကြိုးစားနေပါတယ်"
 
"သေချာတာကတော့ သူ့ရဲ့ဂိုးဖန်တီးမှုတွေနဲ့ သွင်းဂိုးတွေကိုလည်း ကျွန်တော်တို့ လိုချင်တာ အမှန်ပါပဲ၊ ဒါပေမဲ့ သူက ကျွန်တော်တို့ကို မတူညီတဲ့ကဏ္ဍတော်တော်များများမှာ ကူညီပေးနေပါတယ်" လို့ ဆိုပါတယ်။