ယူနိုက်တက်ဂန္တဝင်တွေရဲ့ဝေဖန်မှုတွေကို တုံ့ပြန်ပြောဆိုလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြဟောင်းအာမိုရင်က အိုးထရက်ဖို့ဒ်မှာ တာဝန်ယူချိန်အတွင်း ကလပ်အသင်းဂန္ထဝင်တွေရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်ပြောကြားခဲ့မှုတွေကို ပြန်လည်တုံ့ပြန်လာပါတယ်။
မန်ချက်စတာယူနိုက်တက်က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်မှာ အာမိုရင်ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ၁၄ လတာကာလ ကမောက်ကမဖြစ်နေမှုကို အဆုံးသတ်ခဲ့ပါတယ်။ ဒီနောက်မှာ မိုက်ကယ်ကာရစ်က ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ပေါ်တူဂီလူမျိုးနည်းပြကို ရာထူးမှထုတ်ပယ်ချိန် သရဲနီတွေက ပရီးမီးယားလိဂ်အမှတ်ပေးဇယားဆဋ္ဌမနေရာမှာ ရှိနေခဲ့ပြီး နှစ်ဖက်လုံးအတွက် ပင်ပန်းခက်ခဲလှတဲ့ အချိန်ကာလတစ်ခုအတွင်း အသင်းနဲ့အတူ နိုင်ပွဲရရှိမှု ၃၈ ဒဿမ ၁ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။
အာမိုရင်က လိဂ်ပွဲစဉ် ၄၇ ပွဲမှ ၅၈ မှတ်သာ ရရှိခဲ့သလို ဂိုးကွာခြားချက်အပိုင်းမှာလည်း အနုတ်ခြောက်(- ၆)အထိ ရှိခဲ့လို့ ပရိသတ်တွေ၊ ဝေဖန်သုံးသပ်သူတွေနဲ့ ကလပ်အသင်းဂန္တဝင်တွေရဲ့ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။
အခုတော့ အာမိုရင်က ယူနိုက်တက်ဂန္တဝင်တွေရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး ကလပ်အသင်းသမိုင်းရဲ့ ကွဲပြားခြားနားတဲ့ ခေတ်ကာလမှ ရောက်ရှိလာတဲ့အရာတွေဖြစ်လို့ လက်ရှိအခြေအနေနဲ့ မကိုက်ညီဘူးလို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။
အာမိုရင်က "အတိတ်ကာလဂန္ထဝင်တွေ အများကြီးရှိတဲ့ ကလပ်အသင်း (မန်ချက်စတာယူနိုက်တက်)မှာ ကျွန်တော် ရှိခဲ့ဖူးပါတယ်။ ဒီဂန္တဝင်တွေဆီမှာ ထင်မြင်ယူဆချက်တွေ အများကြီးရှိသလို ပြောစရာဆိုစရာတွေလည်း အများကြီးရှိတတ်ကြပါတယ်။ ဒါပေမဲ့ သူတို့က လုံး၀ကွဲပြားခြားနားတဲ့ ခေတ်ကာလတစ်ခုကို ဖြတ်သန်းခဲ့ကြတာပါ" လို့ ထောက်ပြပါတယ်။
"ဒါ ပုံမှန်ပါပဲ၊ ကျွန်တော့်အတွက် မန်ချက်စတာယူနိုက်တက်နည်းပြတစ်ဦးအဖြစ် ရလဒ်ကောင်းတွေ လိုအပ်တယ်ဆိုတာ တကယ့်အရှိတရားတစ်ခုလို့ ထင်ပါတယ်။ အထူးသဖြင့် အခုဘောလုံးရာသီမှာ အမှတ်တွေ ပိုမိုရရှိသင့်ပေမဲ့ ဖြစ်မလာလို့ ဒါကို သဘာ၀ကျကျပဲ လက်ခံထားပါတယ်" လို့ သူက ရာထူးမှမထွက်ခွာခင် ပြောခဲ့ဖူးပါတယ်။
"တခါတရံ သူတို့ဆီမှာ အချက်အလက်အပြည့်အစုံ မရှိကြဘဲ မန်ချက်စတာယူနိုက်တက်ကို သူတို့ဖြတ်သန်းခဲ့ဖူးတဲ့ အမြဲတမ်းအနိုင်ရနေတဲ့ စံနှုန်းတွေနဲ့ပဲ ရှုမြင်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ကလပ်အသင်းကို အခုလိုအခြေအနေမျိုးနဲ့မြင်တွေ့ရတယ်ဆိုတာ သူတို့အတွက် ခက်ခဲပါလိမ့်မယ်" လို့ ဆိုပါတယ်။
အဲ့ဒီနောက်ပိုင်း အာမိုရင်က စီးရီးအေဘီလူးကြီးအေစီမီလန်ရဲ့ နည်းပြသစ်တာဝန်ကို ထမ်းဆောင်ခဲ့ပြီး အခုဘောလုံးရာသီအဖွင့်၊ စီးရီးအေပွဲစဉ်လေးပွဲဆက်ရှုံးပွဲမရှိအောင် စွမ်းဆောင်ရင်း အသင်းကို အမှတ်ပေးဇယားပဉ္စမနေရာဆီ ပို့ဆောင်ပေးထားပါတယ်။