မန်ချက်စတာဒါဘီမှာ ဟာလန်းရဲ့သွင်းဂိုးကို VAR ကိုယ်တိုင် ပယ်ဖျက်ပေးရပါမယ်လို့ Pro Ref ဝန်ခံပြောကြား
ယမန်နေ့၊ အိုးထရက်ဖို့ဒ်ကွင်းမန်ချက်စတာဒါဘီပွဲစဉ်မှာ ယူနိုက်တက်ကို မန်စီးတီးတို့ ၀-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ရလဒ်ပိုင်းအတွက် ဟာလန်းရဲ့အနိုင်ဂိုးကို ခွင့်ပြုပေးခဲ့တဲ့ VAR ရဲ့ဆုံးဖြတ်ချက် မှားယွင်းခဲ့တယ်လို့ ဒိုင်လူကြီးအဖွဲ့အစည်းဖြစ်တဲ့ Pro Ref ရဲ့ထုတ်ပြန်ချက်မှာ ဝန်ခံထုတ်ဖော်ခဲ့ပါတယ်။
ပွဲချိန်မိနစ် ၆၀ မှာ သွင်းယူခဲ့တဲ့ ဟာလန်းရဲ့သွင်းဂိုးကို အစောပိုင်းမှာ လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ပေမဲ့ VAR ပြန်လည်စစ်ဆေးမှုအရ လူမကျွံဘူးလို့ ဆုံးဖြတ်ကာ သွင်းဂိုးအဖြစ် ခွင့်ပြုပေးခဲ့ပါတယ်။
ဒါပေမဲ့ Pro Ref ရဲ့ထုတ်ပြန်ချက်မှာ လူကျွံအနေအထားမှတဆင့် ခေါင်းတိုက်သွင်းယူဖို့ ကြိုးစားခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ်ရဲ့သက်ရောက်မှုရှိနိုင်ခြေအပေါ် ထည့်သွင်းစဉ်းစားဖို့ VAR ကိုယ်တိုင် ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီထုတ်ပြန်ချက်မှာ "ကွင်းတွင်းဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကတော့ ဟာလန်းကို လူကျွံတယ်လို့ သတ်မှတ်ခဲ့ပါတယ်။ ဒါကို VAR က ပြန်လည်စစ်ဆေးခဲ့ပြီး မန်စီးတီးတိုက်စစ်မှူးမှာ လူကျွံအနေအထားမရှိဘူးဆိုတာ တွေ့ရှိခဲ့ပါတယ်" လို့ ဖော်ပြထားပါတယ်။
"ဒီတိုက်စစ်ဆင်မှုမှာပဲ အန်ဇိုဖာနန်ဒက်စ်က ဘောလုံးကို ထိတွေ့မှုမရှိခဲ့လို့ လူကျွံဘောအမှားကို ကိုယ်တိုင်ဆုံးဖြတ်ရတာ ခက်ခဲသွားစေခဲ့ပါတယ်။ ဒါပေမဲ့ အခုလိုအခြေအနေမျိုးမှာတော့ VAR က ကစားသမားရဲ့ရပ်တည်ချက်မှတဆင့် သက်ရောက်မှုရှိနိုင်ခြေကို လျစ်လျူရှုခဲ့ပါတယ်။ ဒါ့အပြင် VAR က ကွင်းလယ်ဒိုင်ဆီ ကွင်းဘေးမော်နီတာမှာ ပြန်လည်ကြည့်ရှုသုံးသပ်သွားဖို့ အကြံပြုခဲ့သင့်ပါတယ်"
"ဒါက လွဲမှားတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်ဆိုတာ ဝန်ခံဖို့အတွက် ဒီညနေခင်းမှာပဲ မန်ချက်စတာယူနိုက်တက်အသင်းဆီ ဆက်သွယ်ခဲ့ပြီးပါပြီ။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်မှုတွေ ပြုလုပ်သွားပါမယ်"လို့ ဆက်လက်ဖော်ပြထားပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြမိုက်ကယ်ကာရစ်ကတော့ သူ့အသင်းရဲ့ဒါဘီပွဲစဉ်အရှုံးရလဒ်အတွက် ဒီဆုံးဖြတ်ချက်ကို အလွန်ဒေါသထွက်နေခဲ့ပါတယ်။
"ကျွန်တော် လုံးဝနားမလည်နိုင်ပါဘူး၊ တကယ်ကို နားမလည်နိုင်တာပါ။ ဒိုင်လူကြီးတွေကို ကူညီပေးဖို့အတွက် သူတို့နောက်ကွယ်မှာ လူတွေအများကြီး၊ ကိရိယာတွေအများကြီးနဲ့ စခရင်တွေအများကြီး ထားပေးထားပေမဲ့ သူတို့တွေ ဘာကြောင့် မှန်ကန်တဲ့ ဆုံးဖြတ်ချက် မချနိုင်ကြတာလဲဆိုတာ ကျွန်တော် တကယ်ကို နားမလည်နိုင်တော့ပါဘူး" လို့ သူက ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။