The network connection is lost.

Banner Image

တော့ဒ်ဘိုလေနဲ့ မာ့ခ်ဝေါ်လ်တာတို့ရဲ့ ချဲလ်ဆီးအသင်းရှယ်ယာတွေကို Clearlake Capital ဆီ ရောင်းချဖို့ အလွန်နီးစပ်လာ

ဘီလျံနာတွေဖြစ်ကြတဲ့ တော့ဒ်ဘိုလေနဲ့ မာ့ခ်ဝေါ်လ်တာတို့က ချဲလ်ဆီးအသင်းမှာ သူတို့ပိုင်ဆိုင်ထားတဲ့ အစုရှယ်ယာတွေကို Clearlake Capital ဆီ ရောင်းချသွားဖို့အတွက် အလွန်နီးစပ်နေပြီလို့ သတင်းတွေထွက်ပေါ်လာပါတယ်။ 
 
အသက် ၅၂ နှစ်အရွယ်ဘိုလေက ၂၀၂၂ ခုနှစ်အတွင်း ရိုမန်အေဘရာမိုဗစ်ချ်ဆီမှ ချဲလ်ဆီးအသင်းကို လွှဲပြောင်းဝယ်ယူခဲ့တဲ့လုပ်ငန်းစုမှာ အဓိကဦးဆောင်သူတစ်ဦး ဖြစ်ပါတယ်။
 
ဒါကြောင့် အသင်းရဲ့အဓိကဦးဆောင်သူဖြစ်လာနေတဲ့ ဘိုလေက ချဲလ်ဆီးအသင်းကျရှုံးမှုတွေအတွက် အဓိကပုံရိပ်တစ်ခုလို ဖြစ်လာခဲ့ပြီး တဖက်မှာလည်း အသင်းပိုင်ရှင်အပြောင်းအလဲဖြစ်ပေါ်ပြီးနောက် အနောက်လန်ဒန်ကလပ်အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်တစ်ကြိမ်သာ ရရှိခဲ့ပါတယ်။
 
ဒါ့အပြင် ဘိုလေက အသင်းပူးတွဲပိုင်ရှင်တွေဖြစ်တဲ့ Clearlake Capital၊ အက်ဂျ်ဘာလီတို့နဲ့ အသင်းရဲ့မဟာဗျူဟာပိုင်းကိစ္စရပ်တွေမှာ မကြာခဏအငြင်းပွားလေ့ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
 
Bloomberg ရဲ့ဖော်ပြချက်အရ ဘိုလေနဲ့ ဝေါ်လ်တာတို့က သူတို့ပိုင်ဆိုင်ထားတဲ့ အစုရှယ်ယာတွေကို Clearlake Capital ဆီ ရောင်းချသွားဖို့အတွက် သဘောတူညီမှုရရှိဖို့ အလွန်နီးစပ်နေပြီလို့ သိရပါတယ်။ 
 
ဘိုလေနဲ့ဝေါ်လ်တာတို့နှစ်ဦးက ချဲလ်ဆီးအသင်းမှာ အနည်းစုအစုရှယ်ယာရှင်တွေအဖြစ် ရှယ်ယာ ၁၂ ဒဿမ ၈ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ထားကြပြီး Clearlake Capital ကတော့ အဓိကအစုရှယ်ယာအဖြစ် ရှယ်ယာ ၆၁ ဒဿမ ၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။

အမေရိကန်ဒေါ်လာ ၁၆ ဘီလျံမှ ၂၁ ဘီလျံအထိ ရှိနိုင်တဲ့ ချေးငွေလိမ်လည်မှုသံသယနဲ့ပတ်သက်လို့ အမေရိကန်ဖက်ဒရယ်အစိုးရရှေ့နေတွေနဲ့ စတော့အိတ်ချိန်းကြီးကြပ်မှုကော်မရှင်(SEC)တို့ရဲ့စုံစမ်းစမ်းဆေးမှုကို ဝေါ်လ်တာ ရင်ဆိုင်နေရချိန် အခုလိုရှယ်ယာလွှဲပြောင်းရောင်းချမှုသတင်း ထွက်ပေါ်လာခဲ့တာပါ။