The network connection is lost.

Banner Image

PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို စိတ်ကူးတောင်မယဉ်ခဲ့ဖူးဘူးလို့ ဖွင့်ဟလာတဲ့ ဘရူနိုဖာနန်ဒက်စ်

ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ၂၀၂၅-၂၆ ရာသီ PFA တစ်နှစ်တာအကောင်းဆုံး အမျိုးသားကစားသမားဆုကို ဆွတ်ခူး ရရှိခဲ့ပါတယ်။

ဖာနန်ဒက်စ်က ၂၀၁၀ ပြည့်နှစ်က ဝိန်းရွန်နီနောက်ပိုင်း ဒီဆုကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံး ယူနိုက်တက်ကစားသမား ဖြစ်လာခဲ့ပါတယ်။ 

ဒီဆုကိုတော့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားအချင်းချင်း မဲပေးရွေးချယ်ကြတာ ဖြစ်ပါတယ်။

 ပြီးခဲ့တဲ့ရာသီအတွင်း ဖာနန်ဒက်စ်က ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ၂၁ ကြိမ်အထိ ပြုလုပ်ပေးခဲ့ပြီး ပရီးမီးယားလိဂ်တစ်ရာသီအတွင်း ဂိုးဖန်တီးမှု အများဆုံးစံချိန်တင်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်က ဖလားမရဘဲ ယမန်နှစ်ရာသီကို အဆုံးသတ်ခဲ့ရပေမဲ့ ဖာနန်ဒက်စ် ကတော့ အင်္ဂလိပ်ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး တစ်ဦးချင်းဆုတွေထဲကတစ်ခုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့ပါတယ်။

ဆုလက်ခံရယူပြီးနောက် ဖာနန်ဒက်စ်က ဘောလုံးလောကမှာ အခုလို အဆင့်အတန်းမျိုးဆီ ရောက်ရှိလာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးကြောင်း ဝန်ခံခဲ့ပါတယ်။

ဖာနန်ဒက်စ်က“ဒီဆုက သေချာပေါက် အဓိပ္ပါယ် ရှိပါတယ်။ ဒီဆုကို အပတ်တိုင်း ကွင်းထဲမှာ ယှဉ်ပြိုင်ကစားနေရတဲ့ ကစားသမား အချင်းချင်း မဲပေး ရွေးချယ်ခဲ့ကြတာ မို့လို့ပါ။ ဒီဆုက ကျွန်တော် ရရှိခဲ့ဖူးတဲ့ တခြားဆုတွေနဲ့မတူဘဲ ကွဲပြားတဲ့ အဓိပ္ပာယ်တစ်ခု ရှိပါတယ်။ ဒီဆုအတွက် ကျွန်တော် အရမ်း ဂုဏ်ယူမိသလို ကျွန်တော့်အတွက် တကယ်ပီတိဖြစ်ရတဲ့ အခိုက်အတန့်တစ်ခုလည်း ဖြစ်ပါတယ်။

ကျွန်တော့်ရဲ့ အိမ်မက်က ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ဦး ဖြစ်လာဖို့ မဟုတ်ပါဘူး။ တစ်သက်လုံး ဘောလုံး ကစားသွားဖို့ပါပဲ။ ဘောလုံးကစားနေရင်းနဲ့ အသင်း အများအပြားကို ကိုယ်စားပြုခွင့်၊ ကျွန်တော့်ရဲ့ နိုင်ငံလက်ရွေးစင်အသင်းကို ကိုယ်စားပြုခွင့်တွေ ရခဲ့သလို၊ အခုလို ဆုပေးပွဲမျိုးတွေမှာ အကောင်းဆုံး ကစားသမားတွေနဲ့အတူ ပါဝင်ခွင့်ရရှိတာက ကျွန်တော် ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးတဲ့ အရာတစ်ခုပါပဲ”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်ကစားသမားတွေက PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ၁၂ ကြိမ်အထိ ဆွတ်ခူးထားပြီး ဒီမှတ်တမ်းက အင်္ဂလန်နဲ့ ဝေးလ်နိုင်ငံတွေက အသင်းတွေနဲ့ယှဉ်ရင် အများဆုံးစံချိန်လည်း ဖြစ်ပါတယ်။