ဖူလ်ဟမ်ကို အနိုင်ရရှိပြီးနောက် ချဲလ်ဆီးရဲ့တိုက်ပွဲဝင်စိတ်ဓာတ်ကို အလွန်ဆို ချီးကျူး
ချဲလ်ဆီးနည်းပြဇာဘီအလွန်ဆိုက ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်အဖြစ် ဖူလ်ဟမ်နဲ့ရင်ဆိုင်ရချိန် ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပေမဲ့ အနိုင်ရရှိပြီးနောက် သူ့ကစားသမားတွေရဲ့စိတ်ဓါတ်ပိုင်းကြံ့ခိုင်မှုကို ချီးကျူးခဲ့ပါတယ်။
အခုပွဲစဉ်မှာ အရှိန်အဟုန်ကောင်းကောင်းဖြင့် စတင်လာတဲ့ ချဲလ်ဆီးအတွက် အဖွင့်ဂိုး စောစောစီးစီးရရှိသွားလို့ ကစားသမားတွေကိုယ်တိုင် ယုံကြည်မှုတိုးပွားလာခဲ့တယ်လို့ အလွန်ဆိုက ယုံကြည်နေပါတယ်။
ဖူလ်ဟမ်အတွက် ပွဲစဉ်ဆီပြန်လာနိုင်မယ့်နည်းလမ်း မရှာဖွေနိုင်သေးခင် ချဲလ်ဆီးက အခွင့်အရေးကောင်းတွေ အများအပြားဖန်တီးနိုင်ခဲ့သလို ဘောလုံးပိုင်ဆိုင်မှုဆုံးရှုံးချိန်တွေမှာပါ တည်ငြိမ်မှုရှိရှိ ဆက်လက်ယှဉ်ပြိုင်ကစားနိုင်ခဲ့ပါတယ်။
"ကျွန်တော်တို့တွေ ရုန်းကန်ခဲ့ရသလို လုပ်ဆောင်ရမယ့်အရာတွေနဲ့ အချို့သောအချိန်တွေမှာ ဘာမဆို လုပ်ဆောင်နိုင်ခဲ့ကြတာကြောင့် ဒီအဖိုးတန်သုံးမှတ်က တကယ့်ကို ကောင်းမွန်တဲ့ခံစားချက်ကို ပေးစွမ်းနိုင်ခဲ့ပါတယ်" လို့ အလွန်ဆိုက ပရီးမီးယားလိဂ်ဝက်ဘ်ဆိုဒ်ဆီ ပြောကြားခဲ့ပါတယ်။
"စောစောစီးစီးရရှိခဲ့တဲ့ ဦးဆောင်ဂိုးကြောင့် ကျွန်တော်တို့ကို ယုံကြည်မှုတွေ တိုးပွားလာစေဖို့ အကူအညီဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့ချေပဂိုးမတိုင်ခင် ကျွန်တော်တို့အသင်း ဒုတိယဂိုး သွင်းယူနိုင်မယ့် အခွင့်အရေးတွေ ရရှိခဲ့ပေမဲ့ ဘောလုံးမရှိတဲ့အချိန်မှာတောင် ကျွန်တော်တို့တွေ တည်တည်ငြိမ်ငြိမ်သက်တောင့်သက်သာ ကစားနိုင်ခဲ့ပါတယ်။
တိုက်စစ်မှူးသုံးဦးက အခွင့်အရေးတွေဖန်တီးဖို့ အကောင်းဆုံးတွဲဖက်ကစားနိုင်ခဲ့ကြပါတယ်။ အဝေးကွင်းပွဲစဉ်တွေမှာ အနိုင်ရဖို့ဆိုရင် အစွမ်းကုန်ကြိုးစားအားထုတ်သွားရဖို့ ရှိသလို ဂိုးမပေးရအောင်လည်း တိုက်ပွဲဝင်သွားရပါလိမ့်မယ်။ ဒါက ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ ပထမဆုံးနေ့ရက် ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်" လို့ ဆိုပါတယ်။