ဟားလ်စီးတီးကို ရှုံးနိမ့်ခဲ့ပေမဲ့ ယူနိုက်တက်ရဲ့ချဉ်းကပ်မှုပုံစံ မပြောင်းလဲသွားနိုင်ဘူးလို့ ကာရစ်ပြောကြား
၂၀၂၆-၂၀၂၇ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်အဖြစ် ဟားလ်စီးတီးကွင်းမှာ နှစ်ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် မန်ချက်စတာယူနိုက်တက်အတွက် မလိုလားအပ်တဲ့ စံချိန်မှတ်တမ်းဆိုးတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။
အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ယူနိုက်တက်က ထိပ်တန်းလိဂ်ပြိုင်ပွဲအဖွင့်မှာ တန်းတက်ကလပ်အသင်းတစ်ခုကို ပထမဆုံးအကြိမ်ရှုံးနိမ့်မှု ဖြစ်လာပါတယ်။
သရဲနီအသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ကလည်း ဟားလ်စီးတီးအသင်းရဲ့ အလွတ်တည်ကန်ဘောခြိမ်းခြောက်မှုတွေကို တားဆီးဖို့အတွက် ယူနိုက်တက်မှာ လုံလောက်တဲ့ ကြိုးပမ်းမှုမျိုး မရှိခဲ့ဘူးလို့ ဝန်ခံခဲ့သလို ကစားသမားတွေကိုယ်တိုင် ပြီးခဲ့တဲ့ဘောလုံးရာသီ၊ အဝေးကွင်းပွဲစဉ်တွေအတိုင်း ပြန်ဖြစ်သွားခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။
ပွဲစဉ်အပြီး ကာရစ်က စိတ်ပျက်ခဲ့ရပေမဲ့ အခုအချိန်မှစလို့ အခြေအနေတွေ ပြန်လည်ကောင်းမွန်လာမယ်လို့ ယုံကြည်နေပြီး စိတ်ပျက်စရာရလဒ်အပေါ် ပရိသတ်တွေ စိတ်အေးနိုင်စေဖို့ လုပ်ဆောင်ခဲ့ပါတယ်။
"တချို့နေရာတွေ အဆင်ပြေခဲ့ပေမဲ့ ပြန်လည်ပြုပြင်ရမယ့် အချက်တွေ ရှိပါသေးတယ်။ ဒါက ဘယ်တော့မှ ပြီးပြည့်စုံနေဖို့ မရှိပါဘူး။ ဒါပေမဲ့ ဂိုးပေးလိုက်ရပြီးနောက် ကျွန်တော်တို့ကိုယ်တိုင် ပိုပြီးလုပ်ဆောင်ရမယ့်အရာတွေ များပြားသွားခဲ့လို့ အခြေအနေတွေ ပိုပြီး ခက်ခဲလာခဲ့ပါတယ်။
ဒါက တန်းတက်လာတဲ့အသင်းတွေရဲ့အိမ်ကွင်းမှာ ကစားရလေ့ရှိတဲ့ ပုံမှန်ပွဲစဉ်မျိုး ဖြစ်ပါတယ်။ သူတို့အိမ်ကွင်းမှာ ထိန်းသိမ်းထားရမယ့်အရာတွေ အများကြီးရှိနေလို့ သူတို့ကို အခွင့်အရေးတွေ အများကြီးမပေးသင့်ပါဘူး။
အဲဒီနောက်မှာတော့ ကျွန်တော်တို့ အခွင့်အရေးတချို့ ရရှိခဲ့ပေမဲ့ အခွင့်အရေးတွေကို အဆုံးသတ်နိုင်ဖို့ ဒါမှမဟုတ် ထပ်မံဖန်တီးနိုင်ဖို့အတွက် လုံလောက်တဲ့ တက်ကြွမှုမျိုး မရှိခဲ့ပါဘူး။
ကျွန်တော်တို့ ဒီရလဒ်အပေါ် တကယ်ကို စိတ်ပျက်မိပါတယ်၊ ဒါပေမဲ့ ဒီရလဒ်ကြောင့် ကျွန်တော်တို့ မလဲပြိုသွားပါဘူး။
ကျွန်တော်တို့ အဖွဲ့အစည်းတစ်ခုအဖြစ် အင်အားတောင့်တင်းလာချိန်မှာ အရာအားလုံး ရောက်ရှိလာပါလိမ့်မယ်။ ဒီနေ့ပွဲစဉ်ကို လျစ်လျူရှုလို့မရသလို သင်ခန်းစာယူစရာတွေ အများကြီးရှိခဲ့ပါတယ်။ ကျွန်တော်တို့ သင်ခန်းစာ ယူသွားပါမယ်။
ဒါက အသင်းသွားနေတဲ့ လမ်းကြောင်းကို မပြောင်းလဲစေနိုင်ပါဘူး။ ကျွန်တော်တို့ စိတ်အေးအေးထားပြီး လာမယ့်သီတင်းပတ်ပွဲစဉ်အပေါ် အာရုံစိုက်သွားပါမယ်" လို့ ယူနိုက်တက်နည်းပြက ပြောကြားခဲ့ပါတယ်။