The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်မှာ ကြုံခဲ့ရတဲ့ ထိတ်လန့်စရာအတွေ့အကြုံအကြောင်း ဖွင့်ဟလာတဲ့ ချဲလ်ဆီးနည်းပြသစ်အလွန်ဆို

ချဲလ်ဆီးအသင်းနည်းပြသစ်ဇာဘီအလွန်ဆိုက ရီးရဲလ်မက်ဒရစ်အသင်းကို တာဝန်ယူခဲ့ချိန်အတွင်း လူသားစီမံခန့်ခွဲမှုအပိုင်းနဲ့ပတ်သက်လို့ အဆင်မပြေဖြစ်ခဲ့ပြီး သူ့အတွက် ဒဏ်ရာအနာတရတစ်ခုလို ကျန်ရစ်ခဲ့တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

၂၀၂၆-၂၀၂၇ ဘောလုံးရာသီမှာ ချဲလ်ဆီးအသင်းနည်းပြသစ်အဖြစ် အသက် ၄၄ နှစ်အရွယ် အလွန်ဆို ရောက်ရှိလာလို့ အသင်းနဲ့ပတ်သက်ပြီး မျှော်လင့်ချက်တွေ မြင့်မားလာကြပါတယ်။ 

စပိန်သားရဲ့နည်းပြဘ၀ခရီးလမ်းအစက အစွန်းအထင်းမရှိသလောက် ကောင်းမွန်ပြည့်စုံခဲ့ပါတယ်။ သူက လေဗာကူဆင်အသင်းကို ရှုံးပွဲမရှိ၊ ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်လာအောင် ဦးဆောင်ပေးပြီးနောက် အသင်းဟောင်းရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။  

ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်မှာ အသင်းကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားခဲ့တဲ့ အလွန်ဆိုရဲ့ စီမံကိန်းက ထင်သလို ဖြစ်မလာခဲ့ပါဘူး။ အသင်းအဝတ်လဲခန်းရှိ ကစားသမားတချို့နဲ့ အဆင်မပြေဖြစ်ခဲ့ကြပြီးနောက် ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းမှာပဲ ရာထူးမှ ဖယ်ရှားခံခဲ့ရပါတယ်။ 

ချဲလ်ဆီးနည်းပြသစ်ကတော့ အဲ့ဒီအချိန်တုန်းက အမှားတွေကို ဝန်ခံပြီး သင်ခန်းစာယူကာ ကောင်းကွက်တွေကိုသာ ပြန်ကြည့်ဖို့ ဆုံးဖြတ်ထားပါတယ်။

"အတိတ်ကို ပြန်ကြည့်ရင် ကောင်းမွန်တာတွေရော၊ အလုပ်မဖြစ်ခဲ့တာတွေရော ရှိခဲ့လို့ ကျွန်တော် သင်ခန်းစာယူပါတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် တော်တော်လေး ပြန်ဆန်းစစ်ဝေဖန်ခဲ့ပါတယ်၊ အရာရာတိုင်း မျှော်လင့်ထားသလို ဖြစ်မလာတဲ့အတွက် ဘာတွေကို ပိုကောင်းအောင် လုပ်နိုင်ခဲ့မလဲဆိုတာ ပြန်စဉ်းစားခဲ့ပါတယ်" လို့ ချဲလ်ဆီးရဲ့ သြစတြေးလျရာသီကြိုခရီးစဉ်အတွင်း The Athletic သတင်းဌာနဆီ အလွန်ဆိုက ပြောပါတယ်။

"ကောင်းကွက်တွေအဖြစ် အတွေ့အကြုံတွေ အများကြီး ရခဲ့သလို ဘယ်လိုအသားကျအောင် နေရမလဲ၊ ကစားကွက်အပိုင်းနဲ့ လူတွေကို စီမံခန့်ခွဲတဲ့အပိုင်းတွေမှာ ဘာတွေ အလုပ်ဖြစ်ပြီး ဘာတွေ ခရီးမတွင်သလဲဆိုတာကို သိခဲ့ရပါတယ်။ ဒါတွေအားလုံးက ရောနှောနေပါတယ်" လို့ သူက ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ်မှာ ကံမကောင်းခဲ့တဲ့အချိန်တွေကြောင့် သူ့ကို နည်းပြတစ်ဦးအဖြစ် ပိုပြီးတိုးတက်လာအောင် ကူညီပေးခဲ့လားလို့ မေးတဲ့အခါမှာတော့ အလွန်ဆိုက ပြတ်ပြတ်သားသားပဲ "သေချာတာပေါ့၊ သေချာတာပေါ့" လို့ ဖြေခဲ့ပါတယ်။ 

"ဘာလို့လဲဆိုတော့ ခင်ဗျားထင်သလို ဖြစ်မလာခဲ့တဲ့ စိတ်ပျက်စရာတွေဆီမှ သင်ခန်းစာယူနိုင်ပြီး ရှေ့မှာ ပိုကောင်းလာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ကြိုးစားတွေးတောနိုင်လို့ပါပဲ" လို့ သူက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။