ဂူမာယေးစ်အတွက် အာဆင်နယ်ရဲ့အဖွင့်ကမ်းလှမ်းမှုကို နယူးကာဆယ်ပယ်ချ
နယူးကာဆယ်အသင်းခေါင်းဆောင်ဘရူနိုဂူမာယေးစ်ကို ခေါ်ယူဖို့အတွက် အာဆင်နယ်အသင်းရဲ့ပထမဆုံးအကြိမ်တရားဝင်ကမ်းလှမ်းမှုကို နယူးကာဆယ်အသင်း ပယ်ချလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အာဆင်နယ်အသင်းက ဒီဘရာဇီးလက်ရွေးစင်ကွင်းလယ်လူကို နွေရာသီကာလအစောပိုင်းကတည်းက စောင့်ကြည့်နေခဲ့ပြီး အက်ဒီဟောင်းရဲ့နယူးကာဆယ်နည်းပြရာထူးစွန့်လွှတ်မှုအပြီး စိန့်ဂျိမ်းစ်ပတ်ခ်မှာဖြစ်ပေါ်နေတဲ့ မရေမရာအခြေအနေကို အခွင့်ကောင်းယူဖို့ ကြိုးစားလာပါတယ်။
အတိတ်မှာလည်း အက်ဒီဟောင်းက ဂူမာယေးစ်ကို ခေါ်ယူချင်တဲ့ အသင်းတွေ ရှိနေတယ်လို့ ဝန်ခံဖူးသလို အသက် ၂၈ နှစ်အရွယ်ကွင်းလယ်ကစားသမားကိုယ်တိုင်လည်း အသင်းမှထွက်ခွာချင်တယ်လို့ နယူးကာဆယ်ဆီ အသိပေးထားပါတယ်။
Sky Sports ရဲ့နောက်ဆုံးရသတင်းအရ အာဆင်နယ်ရဲ့အဖွင့်ကမ်းလှမ်းမှုမှာ လက်ငင်းငွေသားပေါင်သန်း ၇၀ အပြင် ကစားသမားရဲ့စွမ်းဆောင်ရည်အပေါ်မူတည်ကာ ထပ်မံပေးချေမယ့် ပေါင် ၁၀ သန်း ပါဝင်လို့ စုစုပေါင်းပေါင် သန်း ၈၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
ဒီကမ်းလှမ်းမှုကို နယူးကာဆယ်အသင်းပိုင်ရှင်တွေကိုယ်တိုင် ငြင်းပယ်ခဲ့ပြီး ဂူမာယေးစ်ကတော့ လက်ရှိစပိန်ရာသီကြိုခရီးစဉ်မှာ အသင်းဖော်တွေနဲ့အတူ ဆက်ရှိနေပါတယ်။
အာဆင်နယ်ကတော့ ဂူမာယေးစ်အတွက် ဒုတိယအကြိမ်ကမ်းလှမ်းမှု ထပ်လုပ်ဖို့ စဉ်းစားနေဖွယ် ရှိပါတယ်။ နယူးကာဆယ်ကလည်း စာချုပ်သက်တမ်း နှစ်နှစ်ကျန်ရှိနေသေးသလို နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်ပါ ရှိထားတဲ့ သူတို့ရဲ့အသင်းခေါင်းဆောင်ကို ဆက်ထိန်းထားဖို့ ပြတ်ပြတ်သားသားလိုလားနေပါတယ်။
တကယ်လို့ နယူးကာဆယ်က ဂူမာယေးစ်ကို ထွက်ခွာခွင့်ပေးဖို့ သဘောတူလိုက်မယ်ဆိုရင်တောင် အခုနွေရာသီအစောပိုင်း၊ တိုနာလီအတွက် တော့တင်ဟမ်ပေးချေခဲ့တဲ့ ပေါင်သန်း ၁၀၀ ဝန်းကျင်လောက် ရရှိဖို့အတွက် တောင်းဆိုလာနိုင်ပါတယ်။