The network connection is lost.

Banner Image

ဖီဖာဥက္ကဋ္ဌရာထူးကို အင်ဖန်တီနိုကာကွယ်နိုင်ဖို့အတွက် တက်နိုင်သမျှ ကူညီပေးသွားမယ့် ဒေါ်နယ်ထရမ့်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုကို လက်ရှိရာထူးမှာပဲ ဆက်ရှိနေစေဖို့အတွက် တတ်နိုင်သမျှ အစွမ်းကုန်ကူညီပေးသွားဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

သမ္မတထရမ့်နဲ့ဆက်နွှယ်နေတဲ့ အမေရိကန်ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေဆီ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အစုရှယ်ယာ ၂၁ ရာခိုင်နှုန်းကို ရောင်းချဖို့ ကြံစည်ခဲ့ပြီးနောက် အင်ဖန်တီနိုအပေါ် ဘောလုံးလောကသားတွေ ထားရှိတဲ့ ယုံကြည်မှုက သမိုင်းတလျှောက် အနိမ့်ဆုံးအခြေအနေဆီ ရောက်ရှိသွားပါတယ်။

ဒီအဆိုပြုချက်ထွက်ပေါ်လာပြီးနောက် ယူအီးအက်ဖ်အေ(UEFA)က ဖီဖာကြီးမှူးကျင်းပတဲ့ ပြိုင်ပွဲအားလုံးကို သပိတ်မှောက်မယ်လို့ ကြေညာခဲ့သလို မြောက်အမေရိကဘောလုံးအဖွဲ့ချုပ်(CONCACAF)ကလည်း ဒီအဆိုပြုချက်ကို ပယ်ချခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အင်ဖန်တီနိုက သူ့ရဲ့အစီအစဉ်ကို ပြန်လည်ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လက်ရှိမှာလည်း အကျပ်ရိုက်နေတဲ့ ဖီဖာဥက္ကဋ္ဌက သူ့ရဲ့ရာထူးတည်မြဲနိုင်ဖို့အတွက် သမ္မတထရမ့်ဆီ အကူအညီတောင်းခံခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

The Telegraph သတင်းစာရဲ့ဖော်ပြချက်အရ ထရမ့်က အင်ဖန်တီနိုရဲ့ရာထူးအခြေအနေ ခိုင်မြဲနေဖို့အတွက် တက်နိုင်သမျှ အစွမ်းကုန်ကူညီပေးသွားဖို့ အသင့်ဖြစ်နေပြီလို့ သိရပါတယ်။

သတင်းရင်းမြစ်တစ်ခုက "သမိုင်းတလျှောက် အကောင်းဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာအောင် အင်ဖန်တီနိုကိုယ်တိုင် ကျွန်တော်တို့ကို အများကြီးကူညီပေးခဲ့ပါတယ်။ သမ္မတက အင်ဖန်တီနိုအပေါ် အတော်လေးသဘောကျနေပြီး သူ့ကိုကူညီဖို့အတွက် တတ်နိုင်သမျှ အစွမ်းကုန်လုပ်ဆောင်သွားမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဒီသတင်းရင်းမြစ်ကပဲ "သမ္မတက တကယ့်ကိုသစ္စာရှိသူဖြစ်ပြီး အင်ဖန်တီနိုအပေါ်ထားရှိတဲ့သဘောထား ပြောင်းလဲသွားလိမ့်မယ်လို့ မထင်ပါဘူး။ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် အမေရိကန်နိုင်ငံ လက်ခံကျင်းပခွင့်ရအောင် အင်ဖန်တီနိုကိုယ်တိုင် ကူညီပေးခဲ့လို့ ဒါကို ကျွန်တော်တို့ ကျေးဇူးတင် တန်ဖိုးထားပါတယ်" လို့လည်း ဆိုပါတယ်။