ဗင်နီစီးယက်စ်ကို ဆက်ထိန်းထားဖို့ မော်ရင်ဟိုကြိုးစားနေလို့ အာဆင်နယ်ရဲ့မျှော်လင့်ချက်တွေ အခက်ကြုံနေရ
ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဗင်နီစီးယက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အာဆင်နယ်ရဲ့အစီအစဉ်က အခက်အခဲတွေနဲ့ ကြုံတွေ့နေရပြီး နည်းပြမော်ရင်ဟိုကိုယ်တိုင်လည်း ဘရာဇီးကြယ်ပွင့်ကို အသင်းမှာ ဆက်ထိန်းထားမယ်လို့ အခိုင်အမာ ပြောဆိုထားပါတယ်။
The Athletic ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းက အသက် ၂၆ နှစ်အရွယ်ကစားသမားကို ခေါ်ယူဖို့ စဉ်းစားနေပေမဲ့ ကစားသမား(သို့မဟုတ်)သက်ဆိုင်ရာကလပ်အသင်းနဲ့ ဆွေးနွေးမှုတွေကို မစတင်ရသေးဘူးလို့ သိရပါတယ်။
ဒီသတင်းက ပီအက်စ်ဂျီ၊ လီဗာပူးတို့နဲ့အပြိုင် စပိန်ထိပ်သီးရီးရဲလ်မက်ဒရစ်လည်း လိုက်ပ်ဇစ်ကြယ်ပွင့်ဒီအိုမန်ဒီကို ခေါ်ယူဖို့ ကြိုးပမ်းလာချိန် ထွက်ပေါ်လာပါတယ်။
အခုတော့ The Telegraph ရဲ့ ဖော်ပြချက်အရ နည်းပြမော်ရင်ဟိုက ဗီနီစီးယပ်စ်ရဲ့ ဖြစ်နိုင်ခြေရှိတဲ့ အပြောင်းအရွှေ့မှန်သမျှကို ပိတ်ပင်ဖို့ စီစဉ်နေလို့ အာဆင်နယ်ရဲ့စိတ်ဝင်စားမှုအတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ခု ဖြစ်သွားတယ်လို့ သိရပါတယ်။
မော်ရင်ဟိုကတော့ နှစ်နှစ်ကြာဖလားလက်မဲ့ဖြစ်နေခဲ့တဲ့အခြေအနေကို အဆုံးသတ်နိုင်ဖို့အတွက် အသင်းမှာရှိတဲ့ နာမည်ကြီးကစားသမားတွေအားလုံးကို အခုနွေရာသီအလွန်ကာလအထိ ဆက်ထိန်းထားမယ်လို့ အလေးအနက်ဆုံးဖြတ်ထားပါတယ်။
ဗင်နီစီးယက်စ်က ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိပြီး အသင်းကလည်း သူ့ကို ဆက်ထိန်းထားချင်ပေမဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းကတည်းက စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ရပ်တန့်သွားပါတယ်။