တော့တင်ဟမ်ကပ္ပတိန်ရိုမဲရိုးကို အပြီးသတ်ဝယ်ယူရမယ့် အငှားစာချုပ်ဖြင့် ခေါ်ယူဖို့ အင်တာမီလန် ပြင်ဆင်နေ
အင်တာမီလန်အသင်းက တော့တင်ဟမ်အသင်းခေါင်းဆောင်ရိုမဲရိုးကို အပြီးသတ်ဝယ်ယူရမယ့် အငှားစာချုပ်ဖြင့် ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
တော့တင်ဟမ်အသင်းက ပရီးမီးယားလိဂ်မှာ အဆင့်-၁၇ နေရာဖြင့် နှစ်ရာသီဆက်ရာသီသိမ်းခဲ့ရပြီးနောက် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားတဲ့ ရိုမဲရိုးက အခုနွေရာသီမှာ အသင်းမှထွက်ခွာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ရိုမဲရိုးကို ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ အက်သလက်တီကိုမက်ဒရစ်တို့လို ဥရောပ ထိပ်သီးအသင်းတွေကလည်း စိတ်ဝင်စားနေကြပါတယ်။
သတင်းထောက်နီကိုလိုရှီရာရဲ့ဖော်ပြချက်အရ အင်တာမီလန်အသင်းက ဒီဗဟိုနောက်ခံလူကို အပြီးသတ်ဝယ်ယူရမယ့် အငှားစာချုပ်ဖြင့် ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ဥရောပရဲ့အခြားထိပ်သီးကလပ်အသင်းကြီးတွေနဲ့ ငွေရေးကြေးရေးအရ မပြိုင်ဆိုင်လို့ အင်တာမီလန်က အခုလို အငှားစာချုပ်ဖြင့် ကနဦးခေါ်ယူလိုနေပြီး ဒီလိုအပြောင်းအရွှေ့ပုံစံက ခေတ်သစ်အီတလီဘောလုံးလောကရဲ့ ထူးခြားချက်တစ်ခု ဖြစ်လာပါတယ်။
အင်တာမီလန်ဘက်က ငှားရမ်းခကို အများအပြားပေးချေရဖို့ ရှိသလို အငှားသက်တမ်းပြည့်မြောက်ချိန်မှာလည်း ရွေးချယ်ခွင့်မရှိ၊ မဖြစ်မနေဝယ်ယူရမယ့် စည်းကမ်းချက်လည်း ပါဝင်လာမယ်လို့ ရှီရာက ဆိုပါတယ်။ အင်တာဘက်ကတော့ ရိုမဲရိုးအတွက် ၂၀၃၁ ခုနှစ်အထိသက်တမ်းရှိမယ့် စာချုပ်ကိုပါ အဆင်သင့်ပြင်ထားပြီလို့ သိရပါတယ်။