ကလော့ပ်နဲ့ ဆွေးနွေးမှုတွေ ပိုမိုပြင်းထန်လာပြီး နယူးယောက်မှာ အရေးကြီးအစည်းအဝေးတွေ ပြုလုပ်ဖို့ စီစဉ်နေတဲ့ ဂျာမနီဘောလုံးအဖွဲ့ချုပ်
ယာဂန်ကလော့ပ်ကို ဂျာမနီလက်ရွေးစင်အသင်းရဲ့ နည်းပြသစ်ဖြစ်လာတော့မယ်လို့ အပြောင်းအရွှေ့သတင်းကျွမ်းကျင်သူဖာဘရီဇီယိုရိုမာနိုက တနင်္ဂနွေနေ့မှာ သူ့ရဲ့ X လူမှုကွန်ရက်စာမျက်နှာမှတဆင့် ရေးသားဖော်ပြခဲ့ပါတယ်။
လက်ရှိမှာ Red Bull လုပ်ငန်းစုရဲ့ ဘောလုံးအကြီးအကဲအဖြစ် တာဝန်ယူနေတဲ့ အသက် ၅၉ နှစ်အရွယ် ကလော့ပ်က နာဂယ်စ်မန်းရဲ့နေရာကို အစားထိုးဖို့ အတော်လေးနီးစပ်နေပြီဆိုပေမဲ့ ကျော်ဖြတ်ရမယ့် အတားအဆီးတချို့ ရှိနေသေးတယ်လို့ ဂျာမနီမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။
Bild သတင်းဌာနရဲ့ဖော်ပြချက်အရ နည်းပြရာထူးအတွက် တာဝန်ယူချင်တဲ့ ကလော့ပ်ရဲ့ဆန္ဒ ထွက်ပေါ်လာပြီးနောက် ဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB) က အရေးကြီးအစည်းအဝေးနှစ်ခုကို အမေရိကန်မှာ ပြုလုပ်ဖို့ စီစဉ်လိုက်ပါတယ်။ ကလော့ပ်က လက်ရှိမှာ ကမ္ဘာ့ဖလားသုံးသပ်သူအဖြစ် အမေရိကန်နိုင်ငံဆီ ရောက်ရှိနေလို့ အခုလိုပဲ အမေရိကန်မှာတွေ့ဆုံဖို့ စီစဉ်လိုက်တာပါ။
ပထမအဆင့်အဖြစ် DFB အကြီးအကဲတွေဖြစ်တဲ့ ဘန်းနူးအန်ဒေါ့ဖ်နဲ့ ဟန်းစ်ဂျိုအာချင်ဝစ်ဇ်ကီတို့က ကလော့ပ်နဲ့ ညှိနှိုင်းဖို့ နယူးယောက်ဆီ သွားရောက်ဖို့ရှိနေပြီး သဘောတူညီမှု မြန်မြန်ဆန်ဆန်ရရှိလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ဒါပေမဲ့ ဒုတိယအဆင့်ဖြစ်တဲ့ DFB နဲ့ Red Bull အကြီးအကဲအိုလီဗာမင့်ဇ်လက်ဖ်တို့ကြား ကလော့ပ်ကိုယ်တိုင်လည်းပါဝင်မယ့် အစည်းအဝေးကတော့ ပထမတစ်ခုလောက် မလွယ်ကူနိုင်ဘူးလို့ သိရပါတယ်။
ယမန်နေ့ညပိုင်း၊ MagentaTV နဲ့ အင်တာဗျူးမှာတော့ ကလော့ပ်က ညှိနှိုင်းမှုတွေနဲ့ပတ်သက်ပြီး "ထူးခြားတာ ဘာမှမရှိသေးဘူး" လို့ပဲ ဖြေကြားခဲ့ပါတယ်။
Bild ရဲ့အဆိုအရ Red Bull နဲ့ DFB အကြားမှာ အခုအထိ ဆွေးနွေးမှုတွေ မရှိသေးပေမဲ့ ကလော့ပ်ဘက်မှာတော့ ဂျာမနီနည်းပြတာဝန်ကမ်းလှမ်းခံရရင် လက်ရှိတာဝန်မှနုတ်ထွက်ခွင့်ပေးဖို့ ကုမ္ပဏီနဲ့ နှုတ်ကတိ ရထားပြီးသားဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမဲ့လည်း ကလော့ပ်အတွက် လက်ရှိရာထူးမှနုတ်ထွက်ခွင့်ရဖို့ DFB နဲ့ Red Bull အကြား သဘောတူညီမှုတစ်ခုတော့ လိုအပ်နေပါဦးမယ်။ ယခင်သတင်းတွေအရ ဂျာမနီဘောလုံးအဖွဲ့ချုပ်သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် နည်းပြတစ်ဦးခန့်အပ်နိုင်ဖို့ ပြောင်းရွှေ့ကြေးပေးချေရနိုင်တယ်လို့ သိရပါတယ်။။
Bild သတင်းဌာနကတော့ အခြားနည်းလမ်းတစ်ခုအဖြစ် ဂျာမနီအသင်းနည်းပြတာဝန်ကို ကလော့ပ်ထမ်းဆောင်နေချိန် Red Bull ရဲ့သံတမန်တစ်ဦးအဖြစ် ဆက်လက်ရှိနေစေမယ့်ပုံစံမျိုးနဲ့ ညှိနှိုင်းသွားနိုင်တယ်လို့လည်း သုံးသပ်ဖော်ပြထားပါတယ်။